ရန်ကုန်လမ်းမကြီးများပေါ် ကားပါကင်ကြေး ကောက်ယူနေမှုများကို အရေးယူမည်


"မိုက်ကြေးခွဲပြီး တစ်စီး ၅၀၀နဲ့ ကောက်နေတာ ကျွန်တော့်ကားတောင် မလွတ်ပါဘူး"

ရန်​ကုန်​မြို့​တော်​၀န်​ဦး​မောင်​​မောင်​စိုး

ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၁၅။

ရန်ကုန်မြို့တွင်းလမ်းမကြီးများ​ပေါ်တွင် ရပ်နားသည့် ကားများကို လူတစ်ချို့မှ တရားမ၀င် ကားပါကင်ကြေးများ ကောက်ယူလျက်ရှိသဖြင့် အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖေါ်ဝါရီ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောသည်။


ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များ သတ်မှတ်၍ စနစ်တကျ ပါကင်ကြေး ကောက်မည့် အစီစဉ်ရှိမရှိကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ဒေါ်ကြည်ပြာက ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းရာတွင် မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကားပါကင်ကြေး​တွေကို အရင်က စနစ်တကျ ကောက်ယူပါတယ်။ စည်ပင်က ဆက်ကန်ထရိုက်​ယူပြီး ကောက်တယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ကားပါကင်ကြေးကောက်တာ လုံးဝ ဖြတ်လိုက်တယ်။ ဒါပေမယ့် လက်ရှိလည်း ကားပါကင်ကြေးကို ​ကောက်နေတယ်။ စည်ပင်က ကောက်တာမဟုတ်ပါဘူး၊ကောက်လို့လည်း မရပါဘူး၊ သူတို့ မိုက်ကြေးခွဲပြီး တစ်စီး ၅၀၀ နဲ့ ကောက်နေတာ ကျွန်တော့်ကားတောင် မလွတ်ပါဘူး။ မိုက်ကြေးခွဲပြီး ကားပါကင်ကြေး​ကောက် အန္တရာယ်​ပေးလောက်အောင် လုပ်နေတာဟာ အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါကိုလည်းထိထိရောက်ရောက် အရေးယူရပါမယ်"ဟု ရန်ကုန်မြို့​တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

သို့သာ် ရန်ကုန်မြို့​တော်​စည်ပင်သာယာရေးကော်မတီမှ ယခင်ကဲ့သို့ လမ်းမများ​ပေါ် ကားပါကင်များ​ရေးဆွဲ၍ ကားပါကင်ကြေးကောက်ယူမှု ပြုလုပ်ရန် အစီစဉ်မရှိကြောင်းနှင့် လမ်းမမဟုတ်သည့် နေရာများတွင် အဆင့်မြင့်ကားပါကင်များ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့စည်ပင်က ကောက်မယ်ဆိုရင် သူခိုးလက်က တစ်​၀က်လုသလို ဖြစ်နေတယ်။ လမ်းဟာ ကားသွားဖို့ပဲ ဖြစ်တယ်။ နားဖို့ မဟုတ်ဘူး ကားပါကင်ကို သတ်သတ်မှတ်မှတ် ပြန်ထားရပါမယ်။ ဒါမှ လမ်းလဲကျယ်လာပါမယ်၊ ကားသွားမယ့်​နေရာ ကားသွားပြီးတော့ နားရမယ့် ​နေရာအတွက်လည်း လုပ်နေပါတယ်။ ဒီအတွက်ကို ဘက်ဂျက် အကုန်မခံဘဲ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်''ဟု မြို့​တော်ဝန်က ပြန်လည် ပြောကြားခဲ့သည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
ရန်ကုန်လမ်းမကြီးများပေါ် ကားပါကင်ကြေး ကောက်ယူနေမှုများကို အရေးယူမည် ရန်ကုန်လမ်းမကြီးများပေါ် ကားပါကင်ကြေး ကောက်ယူနေမှုများကို အရေးယူမည် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.