နေရာပြန်လည်ချထားပေးမယ့် အစိုးရ အစီအစဉ်ကို မြေပုံက ဒုက္ခသည်တွေ ငြင်းဆန်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်/ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို အဲဒီစခန်း အနီးဝန်းကျင်က လယ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးဖို့ ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဒုက္ခသည်စခန်းမှာ ဒီကနေ့ လာရောက်ညှိနှိုင်းခဲ့ပေမယ့် ဒုက္ခသည်တွေက ငြင်းဆန်လိုက်တယ်လို့ ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဌ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ဒုက္ခသည်တွေဘက်ကတော့ အဲဒီလယ်ကွက်တွေထဲမှာ နေရာပြန်လည်ချထားမှာကို ငြင်းဆန်လိုက်ပြီး မြို့ပေါ်က တောင်ပေါ်ရပ်ကွက်မှာ နေရာပြန်လည်ချထားပေးဖို့ တောင်းဆိုထားတယ်လို့ ဦးအောင်ကျော်ထွန်း က ပြောပါတယ်။

"ကျနော်တို့လူတွေ လယ်တွေရှိတယ်။ အဲဒီဟာကနေပြီးတော့ သူတို့က တစ်ဧကကို ၁၆ သိန်းကျ ပေးမယ် ဆိုပြီးတော့ ဒီက မြို့နယ်အုပ်ချုပ်ရေးမှူး ၁၅ ရက်နေ့က လာပြီးတော့ ဆွေးနွေးသွားတယ်။ ဆွေးနွေးသွားတာကို ကျနော်တို့က မရောင်းဘူး။ အဲဒီလယ်တွေကို။ ဒီမှာ ကျနော်တို့က လုပ်စားကိုင်စားဖို့မရှိဘူး။ ကျနော်တို့ မရောင်းဘူး။ နေလည်းမနေဘူးလို့ အဲဒီလယ်ကန်မှာ။ ဒီမှာ ကျနော်တို့ကို နောက်ထပ် ၄ ရပ်ကိုကို လျှော့ပြီးတော့ တစ်ရပ်ကွက်ကပဲ နေပြီးတော့ ဒီထဲကို လယ်ပြင်ဘက်ကိုပဲချပေး။ ကျနော်က အဲဒီလိုတောင်းတယ်။ သူတို့က အဲဒီလိုမပေးဘူး။ ဒီမှာပဲ ချမယ်ပြောတယ်။ ကျနော်တို့ကလက်မခံဘူး။ အဲဒီဟာကို"

ဒုက္ခသည်တွေဘက်က တောင်းဆိုတဲ့ တောင်ပေါ်ရပ်ကွက်မှာ ပြန်လည်နေရာချထားရေးကို လာရောက်ညှိနှိုင်းသူ တွေဘက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပြဿနာဖြစ်နိုင်တယ်လို့ အကြောင်းပြပြီး ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် တရုတ်တန်းရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ကံသာထွက်ဝရပ်ကွက်နဲ့ တောင်ပေါ်ရပ်ကွက်တွေက မွတ်စလင်ဦးရေ ၃၈၀၀ ကျော်ဟာ မြို့စွန်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ခက်ခဲတဲ့အတွက် ဒုက္ခသည် တွေဟာ အခြား မြို့နယ် တွေကို ပြောင်းရွှေ့နေထိုင်ကြတာကြောင့် လက်ရှိအချိန်မှာ ဒုက္ခသည် ၂၇၀၀ ကျော်လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ခဲ့ရပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်က အဲဒီဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့အတွက် အကြံပြုထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
နေရာပြန်လည်ချထားပေးမယ့် အစိုးရ အစီအစဉ်ကို မြေပုံက ဒုက္ခသည်တွေ ငြင်းဆန် နေရာပြန်လည်ချထားပေးမယ့် အစိုးရ အစီအစဉ်ကို မြေပုံက ဒုက္ခသည်တွေ ငြင်းဆန် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.