ရခိုင်အရေးပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာကို ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

မောင်တောဒေသကို သွားရောက်လေ့လာကြတဲ့ နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေကို ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်/ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရရဲ့ လက်ရှိဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာသံအမတ်ကြီးတွေ၊ သံအရာရှိတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ မောင်တောဒေသကို သွားရောက်လေ့လာကြတဲ့ နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေနဲ့ သံအရာရှိတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက စစ်တွေလေဆိပ်မှာ အခုလို တွေ့ဆုံပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလိုပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ရေးအတွက် အားလုံးအကျိုးရှိနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက ပြင်ဆင်ထားတဲ့အခြေအနေတွေကို နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေနဲ့ သံအရာရှိတွေ ဒီနေ့ သွားရောက်လေ့လာကြတာဖြစ်ပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဖင်လန်၊ အစ္စရေး၊ အီတလီ၊ သီရိလင်္ကာ သံအမတ်ကြီးတွေအပြင် ဘရာဇီး၊ ပိုလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နယူးဇီလန် သံရုံးတာဝန်ရှိသူတွေ၊ UNICEF  UNOCHA  UNFPA UN-Habitat UNDP UNOPS အစရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

သံတမန်အဖွဲ့ဟာ မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် မောင်တောမြို့နယ်က တောင်ပြိုနဲ့ ငခူရ လက်ခံရေးစခန်း၊ လှဖိုးခေါင်ကြားခံစခန်းနဲ့ ကညင်ချောင်းစီးပွားရေးဇုန်တွေကို စစ်တွေလေဆိပ်ကနေတဆင့် သွားရောက်လေ့လာကြတာဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့အတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့လည်း အတူလိုက်ပါသွားခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရခိုင်အရေးပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာကို ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း ရခိုင်အရေးပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာကို ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.