စစ်တွေမြို့​ပေါက်ကွဲမှုအတွက်​ လူ ၃ ဦးအား ရဲက စစ်ဆေးနေ


စစ်တွေ၊ ဖေဖော်ဝါရီ ၂၆။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲပြီးနောက် လူ ၃ ဦးအား စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေသည်ဟု ​သိရသည်​။

ရဲက ခေါ်ယူစစ်ဆေးခြင်းခံနေရသူများမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုနိုင်စိုးအပါအဝင် ယခင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၃ ဦးဖြစ်ပြီး သူတို့အား စစ်တွေမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ခေါ်ယူစစ်ဆေးနေခဲ့ခြင်းလည်းဖြစ်သည်။

"ဘာကြောင့် ခေါ်တယ် ဆိုတာတော့ မပြောဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာပါ။ အကျိုးအကြောင်းမသိရဘဲ ခေါ်သွားတာတော့ မကောင်းဘူးပေါ့လေ။"ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုနိုင်စိုး၏ညီ ကိုရဲပိုင်စိုးက ပြောသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်က ဗုံး ၃ လုံး ပေါက်ကွဲအပြီး တစ်ရက်အကြာတွင် စစ်တွေမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည့်အတွက် ဗုံးပေါက်ကွဲမှုကိစ္စနှင့်ပတ်သက်ဆက်နွယ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မိုးဇော်သူက "အခု အလုပ်အရမ်းများနေတဲ့အတွက် ဒါတွေက အတည်ပြုလို့မရသေးပါဘူး"ဟု ပြောသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်က ပြည်တော်သာရပ်ကွက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်တွင် ၁ လုံး၊ စစ်တွေခရိုင်တရားရုံးနှင့် တရား လွှတ်တော်ရုံး ရှေ့ရှိ ထရန်စဖော်မာတွင် ၁ လုံးနှင့် ရခိုင်ပြည်နယ် မြေစာရင်းဦးစီးဌာန ရုံးရှေ့တွင် ၁ လုံး၊ စုစုပေါင်း ဗုံး ၃ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
စစ်တွေမြို့​ပေါက်ကွဲမှုအတွက်​ လူ ၃ ဦးအား ရဲက စစ်ဆေးနေ စစ်တွေမြို့​ပေါက်ကွဲမှုအတွက်​ လူ ၃ ဦးအား ရဲက စစ်ဆေးနေ Reviewed by THITHTOOLWIN on 07:36 Rating: 5
Powered by Blogger.