ဖမ်းမိထားတဲ့ တပ်မတော်သား ၃ ဦးကို ကေအိုင်အေ ပြန်လွှတ်

ကေအိုင်အေက ဖမ်းဆီးရမိတဲ့ အစိုးရတပ်မတော်သား ၃ ဦးကို တွေ့ရစဉ်
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ရွာအနီးမှာ အခုလ ၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကေအိုင်အေက ဖမ်းဆီးရမိတဲ့ အစိုးရတပ်မတော်သား ၃ ဦးကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေထံ ဒီကနေ့ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။

စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ မူဝါဒအရ လွှတ်ပေးတာဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ကထန်ယန်ရွာမှာ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်တွေထံ လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းပေါ်နဲ့ မေခမြစ်ကြောင်း တလျှောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လီဆူ တိုင်းရင်းသား ၂၈ ယောက်ကို ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဆီဖာလာလူးက ဒီကနေ့ ပြောပါတယ်။

ဒေသခံတချို့ ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာမှာတော့ ဒေသခံတွေကို ဖမ်းဆီးတာမဟုတ်ဘဲ ကချင်လွတ်မြောက်ရေး တပ်မတော်ထဲမှာပါဝင်ဖို့ တာဝန်ရှိတာကြောင့် ခေါ်တာဖြစ်ကြောင်း ပြောပါတယ်။

လီဆူတိုင်းရင်းသားတွေကို ကေအိုင်အေက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာကို ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံးပြန် လွှတ်ပေးဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က ကြေညာချက် ထုတ်ပြန်ထား တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖမ်းမိထားတဲ့ တပ်မတော်သား ၃ ဦးကို ကေအိုင်အေ ပြန်လွှတ် ဖမ်းမိထားတဲ့ တပ်မတော်သား ၃ ဦးကို ကေအိုင်အေ ပြန်လွှတ် Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.