ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံ သတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိ

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဘူးသူအား လုပ်ကြံသတ်ဖြတ်သူအချို့ ဖမ်းဆီးရမိမှုနှင့် ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၈ ရက်က မြတန်ဆောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ရခိုင်တပ်မတော်ဖလား (AA CUP ) ဘောလုံးပြိုင်ပွဲ ပြုလုပ်ရန် ဆိုင်းဘုတ်တင်၍ စီစဉ်မှုများရှိခဲ့ပြီး ဥပဒေနှင့်မညီဘဲ ဆောင်ရွက်ရန် သင့်လျော်မှု မရှိသဖြင့် တာဝန်ရှိသူများက အကြိမ်ကြိမ်တားဆီးသည်ကို လိုက်နာမှုမရှိသောကြောင့် မြောက်ဦး မြို့မရဲစခန်း (ပ)၄၄/၂၀၁၇၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အရ အရေးယူဆောင်ရွက် ရမှုများရှိခဲ့သလို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရခိုင်ဘုရင်နိုင်ငံ အချုပ်အခြာ အာဏာ ကျဆုံးခြင်း(၂၃၃)နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား ကျင်းပပြုလုပ်ခွင့် မရရှိခြင်းကို အကြောင်းပြု၍ ၎င်းပွဲကျင်းပမည့် အလယ်ဈေးရပ်ကွက်၊ နန်းတော်ရာကုန်းနေရာနှင့်(၂)မိုင် ကျော်ခန့်ကွာဝေးသည့် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ရှိရာသို့ လူစုလူဝေးဖြင့် ရောက်ရှိပြီး လမ်းတစ်လျောက် သွေးထိုးလှုံဆော် ကြိုတင်ချပြ ညှိနှိုင်းထားသည်ဟု ယူဆရသည့် စာပေဟောပြောပွဲကျင်းပခွင့်ရရှိရေး ဒို့အရေး၊ စာပေဟောပြောပွဲ ဖျက်ဆီးတဲ့သူ ဒို့ရန်သူ၊ ဒေါက်တာ အေးမောင် ဟောပြောခွင့်ရရှိရေး ဒို့အရေး၊ ဒေါက်တာ အေးမောင် ဟောပြောပွဲ ဖျက်ဆီးသူ ဒို့ရန်သူ၊ ရခိုင်ပြည်ကြီး လွတ်မြောက်ရေး ဒို့အရေး စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်းတားဆီး မှုကို အခြေခံလျက် မြောက်ဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံ သတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

၃၀-၁-၂၀၁၈ ရက်နေ့ညနေပိုင်း၊ ပုဏ္ဏားကျွန်းမြို့အ၀င်တွင် ဦးဘိုဘိုမင်းသိုက် လုပ်ကြံအသတ်ခံ ရမှုနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာတွင် အခင်းဖြစ်အရပ်၌ တွေ့ရှိရသည့် CRV အမျိုးအစား မော်တော်ယာဉ်၌ တပ်ဆင်အသုံးပြုထားသော ယာဉ်နံပါတ်ပြား 6K/xxxx သည် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာနေ ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ကျော်မြင့်(ခ)ခိုင်ကျော် မောင်းနှင်အသုံးပြုနေသည့် လိုင်စင်မဲ့ Odyssey အမျိုးအစား မော်တော်ယာဉ်၌ တပ်ဆင်အသုံးပြုသော နံပါတ်ပြားဖြစ်ကြောင်းနှင့် အခင်းဖြစ်စဉ် ယာဉ်ပေါ်တွင် သေဆုံးသူအပါအဝင် အခြား အမျိုးသား(၃)ဦး အတူလိုက်ပါသွားကြောင်း ကနဦးစုံစမ်းသိရှိရပါ သည်။
သို့ဖြစ်၍ ကျော်မြင့်(ခ)ခိုင်ကျော်(၄၇)နှစ် တိမ်ညိုကျေးရွာ၊ မြောက်ဦးမြို့နယ်နေသူအား သွားရောက်စုံစမ်းရှာဖွေခဲ့ရာ ကျော်မြင့်(ခ)ခိုင်ကျော်သည် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းဌေး(ခ)မင်းသန်းထိုက်၊ ၎င်း၏ဇနီး ခိုင်ဇာလှိုင်တို့နှင့်အတူ ၂၈-၁-၂၀၁၈ ရက်နေ့တွင် ၎င်းတို့၏သားများနေထိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သို့သွားရောက်နေကြောင်း၊ ယခင် ယာဉ်အမှတ် 6K/xxxx တပ်ဆင်အသုံးပြုခဲ့သော Odyssey အမျိုးအစား လိုင်စင်မဲ့ယာဉ် အား ကျော်မြင့်(ခ)ခိုင်ကျော်နေထိုင်သော မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာရှိ နေအိမ်ခြံဝင်း အတွင်း၌ ယာဉ်နံပါတ်ပြားမပါဘဲ တွေ့ရှိခဲ့ရသဖြင့် အဆိုပါယာဉ်နှင့် အတူတွေ့ရှိသည့် Honda ဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းခဲ့ပါသည်။

ထို့နောက် ကျော်မြင့်(ခ)ခိုင်ကျော်အား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှရှာဖွေ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ၃၁-၁-၂၀၁၈ ရက်နေ့ ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် ကျော်မြင့်(ခ)ခိုင်ကျော်၏ သားဖြစ်သူ မင်းသန်းဌေး(ခ) မင်းသန်းထိုက်အား မရမ်းကုန်းမြို့နယ်(၄)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း (၈)မိုင်မီးပွိုင့်တွင် 9C/xxxx HILUX SURF မီးခိုးရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျော်မြင့် (ခ)ခိုင်ကျော်မှာ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ်(၃)၊ မေတ္တာဂုဏ်ရောင် ရခိုင်သီလရှင်ကျောင်းတွင် တိမ်းရှောင်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ၎င်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကျော်မြင့် (ခ)ခိုင်ကျော်နှင့် ၎င်း၏ဇနီး ဒေါ်ကြည်ကြည်ဝင်း(၄၉)နှစ်၊ ချွေးမဖြစ်သူ မခိုင်ဇာလှိုင်(၂၀)နှစ်၊ [မင်းသန်းထိုက် (ခ) မင်းသန်းဌေး၏ ဇနီး] တို့အား 5M/xxxx HONDA Isight အဖြူရောင်ယာဉ်(၁)စီး၊ မြန်မာ ငွေသား ကျပ်(၈၅,၀၃၄,၆၀၀)၊ ငွေရောင်ပစ္စတို (၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၉မမ ကျည်(၉) တောင့်၊ ဘဏ်ငွေစုစာအုပ် (၄)အုပ်နှင့် စာအုပ်လက်ကျန်ငွေကျပ်(၅၈၇၁.၆၁)သိန်း၊ ယာဉ်မှတ်ပုံတင် စာအုပ် (၁)အုပ်၊ ယာဉ်အာမခံစာအုပ်(၁)အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃)ခု၊ ကျော်မြင့်၏ မောင်တောကုန်သည်များအသင်းဝင်ကတ်(၁)ခု၊ မောင်တော ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (၂)ခု၊ ဘဏ်ငွေလွှဲ လက်မှတ်လက်ခံ(၃)စောင်၏ ကျပ်(၁၁၀)သိန်း၊ ရွှေလက်ကောက်(၇)ကွင်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ လက်ကိုင်ဖုန်း (၃)လုံး၊ လက်ကိုင်ပိုက်ဆံအိပ်(၃)လုံး၊ အိမ်ရောင်းဝယ်စာချုပ် (၁)စောင်တို့နှင့် အတူ ဖမ်းဆီးရမိပြီး သက်သေခံပစ္စည်းများအား အမှုဖြင့် သိမ်းဆည်းခဲ့ပါသည်။

တရားခံ ကျော်မြင့်(ခ)ခိုင်ကျော်နှင့် ၎င်း၏သား မင်းသန်းထိုက်(ခ) မင်းသန်းဌေးတို့အား ရဲတပ်ဖွဲ့မှ စစ်ကြောဖော်ထုတ်ခဲ့ရာ ကျော်မြင့်(ခ) ခိုင်ကျော်သည် ၂၅-၁-၂၀၁၈ ရက်နေ့ တိမ်ညို ကျေးရွာနေ ဒေါ်ခိုင်စိန်ဖြူ၏ သမီး မင်္ဂလာဆောင်မကျင်းပမီ ညပိုင်းအရက်ဝိုင်းတွင် AA အဖွဲ့စည်း ရုံးရေးမှူး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင်(ခ)ဇော်မိုးအောင်၊ အိမ်ချင်းကပ်လျက်နေ ဝပ်ရှော့ဆရာ မျိုးချစ်အောင်(တိမ်ညိုကျေးရွာ) တို့နှင့်အတူ ဦးဘိုဘိုမင်းသိုက်အား သတ်ရန်နှင့် လကုန်လျှင် ၎င်းစစ်တွေသို့ ပြောင်းရွှေ့မည်ဖြစ်သဖြင့် ထိုအချိန် လမ်းမှဖမ်းဆီး၍ ခေါ်ဆောင်သွားရန် တိုင်ပင် ခဲ့ကြောင်း၊ ထို့နောက် ၂၆-၁-၂၀၁၈ ရက်နေ့တွင် ဦးဘိုဘိုမင်းသိုက်ထံ ဖုန်းဆက်၍ စစ်တွေသို့ ပြောင်းပါက ယာဉ်ဖြင့် လိုက်ပို့မည်ဖြစ်ကြောင်းပြောရာ ဦးဘိုဘိုမင်းသိုက်မှ ၂၈/၂၉ ရက်နေ့တွင် ပြောင်းမည်ဖြစ်သောကြောင့် အသင့်ပြင်ဆင်ထားရန် ပြန်လည်ပြောကြားခဲ့ကြောင်း၊ ၎င်းမှ ကိုလတ်ထံ ဖုန်းဆက်ပြီး ကားစီစဉ်ထားရန်နှင့် ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်အား တာဝန် ပေးရန်၊ စပိုင်နှင့် ဇော်မျိုးအောင်တို့အား ပစ္စည်းများသယ်ယူရန်အဖော်အဖြစ် ၎င်းယာဉ်ပေါ်တွင် ထည့်ပေးရန် တိုင်ပင်ပြောဆိုခဲ့ကြောင်း၊ ၂၇-၁-၂၀၁၈ ရက်နေ့တွင် ဦးဘိုဘိုမင်းသိုက်ထံ ထပ်မံ ဆက်သွယ်ရာ ၂၈/၂၉ ရက်နေ့တွင် မသွားဖြစ်တော့ကြောင်း ပြောကြားခဲ့သဖြင့် ၎င်းမှ ၂၈-၁-၂၀၁၈ ရက်နေ့တွင် ရန်ကုန်သို့ သွားစရာရှိကြောင်း၊ သို့သော် ဦးဘိုဘိုမင်းသိုက် သွားမည့်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်အား တာဝန်ပေးထားပြီး ၎င်း၏ ဖုန်းနံပါတ်အား ဦးဘိုဘိုမင်းသိုက်ထံပေးခဲ့ကြောင်း၊ ၂၈-၁-၂၀၁၈ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းနှင့်အတူ ရန်ကုန်သို့ထွက်ခွာလာစဉ် လမ်း၌ ကိုလတ်မှ ဖုန်းဆက်၍ ကားအဆင် ပြေသော်လည်း ကားနံပါတ်မရှိကြောင်းပြောသဖြင့် နေအိမ်တွင် ရပ်ထားသည့် Odyssey ယာဉ်မှ 6K/xxxx နံပါတ်ပြားအား ဖြုတ်ယူတပ်ဆင်ရန် ပြောကြားခဲ့ကြောင်း၊ ၎င်းနေ့ညနေပိုင်းတွင် ကိုလတ်မှ ပုဏ္ဏားကျွန်းဘုန်းတော်ကြီးကျောင်း တစ်ခု(စိစစ်ဆဲ)ရှိ CRV ယာဉ်အား စီစဉ်ထားပြီး ဖြစ်ကြောင်း၊ 6K/xxxx နံပါတ်တပ်ဆင်ရန် ယာဉ်မောင်း မျိုးချစ်အောင်အား ပြောကြားပြီးဖြစ် သည်ဟု ၎င်းအားဖုန်းဆက်သတင်းပို့ခဲ့ကြောင်း၊ ၃၀-၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်း မင်္ဂလာဒုံ မြို့နယ်နေအိမ်၌ရှိနေစဉ် ယာဉ်မောင်း မျိုးချစ်အောင်မှ ဖုန်းဆက်လာပြီး စပိုင်နှင့် ဇော်မျိုးအောင် တို့အား ပစ္စည်းတင်ချရန် အလုပ်သမားအဖြစ် လိုက်ပါစေရန် စီစဉ်ပြီးကြောင်း၊ ဦးဘိုဘိုမင်းသိုက်မှ နေ့လည် ၂ နာရီခန့် ခရီးထွက်မည်ဟု ပြောကြားခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့အ၀င်တွင် ဦးဘိုဘိုမင်းသိုက်၏ ဖုန်းများအား သိမ်းဆည်းပြီး ဖမ်းဆီးခေါ် ဆောင်ရန်အတွက် ကျန်သူများ ကြိုတင်စောင့်ဆိုင်းနေမည် ဖြစ်ကြောင်း၊ မျိုးချစ်အောင်နှင့် ကိုလတ်တို့၏ ဆက်သွယ်ဆောင်ရွက် မှုကို ကိုလတ်မှလည်း ကျော်မြင့်(ခ)ခိုင်ကျော်ထံ ဖုန်းဆက်သတင်းပို့ခဲ့ကြောင်း၊ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကိုလတ်မှ ၎င်းထံ ထပ်မံဆက်သွယ်၍ ပုဏ္ဏားကျွန်း မရောက်မီ ဦးဘိုဘိုမင်းသိုက်ထံမှ ဖုန်းများသိမ်းဆည်းစဉ် ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ စပိုင်နှင့် ဇော်မျိုးအောင်တို့မှ ဓားဖြင့်ထိုးသတ်ခဲ့ပြီး ယာဉ်မှာလည်း လမ်းဘေးကျတိမ်းမှောက်သွားခဲ့ကြောင်း၊ မျိုးချစ်အောင်တို့ (၃)ဦးအား လုံခြုံသည့်နေရာသို့ ပို့ထားခဲ့သည်ဟု သတင်းပို့ခဲ့ကြောင်း ၎င်းအား လုံခြုံရေး အခြေအနေ ကောင်းလားဟု မေးမြန်းခဲ့ရာ လုံခြုံရေးကောင်းသည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း စစ်ကြောဖော်ထုတ်ရရှိပါသည်။

ဆက်လက်စစ်ဆေးချက်အရ ကျော်မြင့်(ခ)ခိုင်ကျော်နှင့် မင်းသန်းဌေး(ခ) မင်းသန်းထိုက် တို့သည် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ဘူးသီးတောင် မောင်တောဒေသသို့ ကော်မရှင်စား ဖြင့် ဆက်သွယ်ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်ဝယ်ယူ ရောင်းချခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရရှိသည့်ငွေကြေးများဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ၀ယ်ယူစုဆောင်း၊ သယ်ဆောင် ပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ WY စိတ်ကြွဆေးပြား(၄၄)သိန်းကို (၉)ကြိမ် သယ်ဆောင်ရောင်းဝယ် ပြုလုပ်ခဲ့ရာ စုစုပေါင်း ကျပ်(၃၉၇၅)သိန်း အမြတ်ငွေရရှိခဲ့ကြောင်း၊ ၎င်းငွေကြေးများဖြင့် မန္တလေးမြို့နေ (စိစစ်ဆဲ အမျိုးသမီး)ထံမှ ပထမအကြိမ် ၂၀၁၇ ခုနှစ် ဇွန်လ ရက်မမှတ်မိက ပစ္စတို(၂)လက်၊ ကျည်ဘောက်(၄)ခု(ကျည်မပါ)အားလည်းကောင်း၊ ဒုတိယအကြိမ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ရက်မမှတ်မိက M-16 (၁၀)လက်နှင့် ပစ္စတိုကျည်(၅၀)တောင့်အား လည်းကောင်း၊ တတိယအကြိမ် ၂၀၁၇ ခုနှစ် ဩဂုတ်လ ရက်မမှတ်မိက M-16 (၉)လက်နှင့် စတုတ္ထအကြိမ် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း၌ပင် M-16 ကျည်(၃၀၀)ဗူး (တစ်ဗူးလျှင် ၂၀ တောင့်)၊ M-16 ကျည်ဘောက်(၃၈)ခုနှင့် ပစ္စတို(၂)လက်၊ ၎င်းကျည်ဘောက်(၄)ခုနှင့် မြ၀တီမြို့နေ အမျိုးသားတစ်ဦး (စိစစ်ဆဲ)ထံမှ ပစ္စတို(၁)လက်၊ ကျည်ဘောက်(၁)ခု၊ ၎င်းကျည်(၉)တောင့်၊ စုစုပေါင်း M-16 (၁၉)လက်၊ ၎င်းကျည်ဘောက်(၃၈)ခုနှင့် ၎င်းကျည်(၆၀၀၀)တောင့်၊ ပစ္စတို(၅)လက်၊ ၎င်းကျည်ဘောက် (၈)ခု၊ ၎င်းကျည် (၅၉)တောင့် တို့အား ဝယ်ယူစုဆောင်းခဲ့ကာ သေနတ်(၂၃)လက်၊ ကျည်ဘောက် (၄၆)ခု၊ ကျည်(၆၀၅၀)တောင့် တို့အား AA အဖွဲ့ထံ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပြီး ပစ္စတို(၁)လက်၊ ကျည်ဘောက်(၁)ခု၊ ကျည်(၉)တောင့်တို့အား ၎င်းကိုင်ဆောင်ရန် သိမ်းဆည်းထားခဲ့ကြောင်း ဝန်ခံ ထွက်ဆိုပါသည်။

အမှုနှင့်ပတ်သက်၍ ကွင်းဆက် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိပြီး ပေါ်ပေါက်ချက်များနှင့်အညီ ကွင်းဆက်တရားခံများအား ဖမ်းဆီး၍ သက်ဆိုင်ရာဥပဒေများအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံ သတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိ  ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံ သတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိ Reviewed by THITHTOOLWIN on 23:59 Rating: 5
Powered by Blogger.