မိုင်းလုံမြို့နယ် နမ့်ခွန်ရွာတွင် တပ်မတော်နှင့် TNLA တိုက်ပွဲပြင်းထန်စွာဖြစ် ဒေသခံ ၂ဦး ဒဏ်ရာရ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းပျက်စီး


ဒီဇင်ဘာ ၇ ရက်၊ ကျောက်မဲ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ ပန်ဝိုးအုပ်စု နမ့်ခွန်ကျေးရွာအတွင်း ဇန်နဝါရီ ၆ ရက် နံနက် ၆ နာရီတွင် အစိုးရတပ်မတော်နှင့်TNLA တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် နမ့်ခွန်ရွာသူ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိကာ အသစ်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

နမ့်ခွန်ရွာ သက်တော် ၆၀ ရှိပြီဖြစ်သည့် ကျောင်းထိုင်ဆရာတော် ဦးအာသုစေရက "ဇန်နဝါရီ ၅ ရက်မှာ တအာင်းအဖွဲ့က ည ၁၁ နာရီ ရွာထဲ ရောက်လာတယ်။ တပ်မတော်လည်း မနက်ကျဒီဘက်ကို တက်လာတော့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်တာ တိုက်ပွဲက မနက် ၆ နာရီကနေ ၇ နာရီအထိဖြစ်တယ်။ တိုက်ပွဲမှာ လူနှစ်ယောက်ထိတယ်။ ဘုန်းကြီးကျောင်းပေါ်လည်း လက်နက်ကြီးကျပြီးတော့ ပျက်စီးသွားတယ်" ဟု မိန့်ပါသည်။

"အဲချိန် ရွာထဲမှာ လက်နက်ကြီး အလုံး ၃၀ လောက်ရွာထဲကျတယ်။ သေနတ်တွေကတော့ မရေတွက်နိုင်တော့ဘူး။ ရွာကလူတွေကတော့ ကိုယ်လွတ်ရာပြေးရတယ်။ တွင်းတူးထားတဲ့လူတွေလည်း အဲထဲမှာ ပုန်းအောင်းနေရတယ်။ ရွာထဲမှာ ဖြစ်တော့ ဘယ်မှထွက်ပြေးလို့ မရတော့ဘူးလေ။ လက်နက်ကြီးတွေ ဒီလောက်ကျတာကို ဒီလောက်ထိတာ တော်တော်ကံကောင်းသွားတယ်ပြောရမယ်။ ဘုန်းဘုန်းတို့လည်း အောက်ကျောင်းပြေးနေချိန် နည်းနည်းလေးလွဲသွားလို့ ကံကောင်းသွားတယ်" ဟု ဆက်လက်မိန့်ကြားသည်။

လက်ရှိ ဒဏ်ရာရသူ မိန်းကလေး ၂ ဦးထဲမှ တစ်ဦးကို မိုင်းလုံဆေးရုံမှ ယနေ့မနက် မိုးကုတ်ဆေးရုံသို့ လွှဲပြောင်းလိုက်ပြီး ကျန်ရှိသည့် တစ်ဦးမှာ ဒဏ်ရာမပြင်းထန်သည့်အတွက် ရွာတွင် ဆေးကုသနေကြောင်း သိရသည်။

"မနေ့က အကူအညီတော်တော်လိုနေတယ်။ ဖုန်းဘယ်သူ့ဆီမှ ဆက်မရဘူး။ ကျောက်မဲပရဟိတဆီဆက်လည်း တအားဝေးလို့ မလာနိုင်ဘူး။ အဲဒါနဲ့ ရွာအနီးနားက ကားငှားပြီး မိုင်းလုံကို သွားပို့လိုက်ရတာ" ဟု ဆရာတော်က မိန့်ပါသည်။

လက်ရှိရွာအတွင်း၌ အစိုးရတပ်မတော်စစ်ကြောင်း လှုပ်ရှားလျက်ရှိနေပြီး တိုက်ပွဲ ငြိမ်သက်သွားပြီသော်လည်း ၎င်းတိုက်ပွဲနှင့်ပတ်သက်၍ အစိုးရတပ်မတော်နှင့် TNLA တို့သည် သတင်းထုတ်ပြန်ချက် ထုတ်ထားခြင်းမရှိသေးပေ။

နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင်လည်း အစိုးရတပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်မှာ ၁ ထောင်ကျော် ရှိနေပြီဖြစ်သည်။

မိုင်းအနိုင်၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မိုင်းလုံမြို့နယ် နမ့်ခွန်ရွာတွင် တပ်မတော်နှင့် TNLA တိုက်ပွဲပြင်းထန်စွာဖြစ် ဒေသခံ ၂ဦး ဒဏ်ရာရ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းပျက်စီး မိုင်းလုံမြို့နယ် နမ့်ခွန်ရွာတွင် တပ်မတော်နှင့် TNLA တိုက်ပွဲပြင်းထန်စွာဖြစ် ဒေသခံ ၂ဦး ဒဏ်ရာရ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းပျက်စီး Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.