![]() |
တပ်မတော်က နယ်မြေရှင်းလင်းနေတာကြောင့် နားဟိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်/ Photo: Kan Thar/RFA |
လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက TNLA တပ်တွေဟာ ကျေးရွာအနီး ချောင်းတစ်ဘက်ကမ်းမှာ လှုပ်ရှားနေ တာဖြစ်ပြီး အခုလ ၁၁ ရက်နေ့မှာ တပ်မတော်စစ်ကြောင်းတွေ ရွာဘက်ကိုရောက်လာပြီး တိုက်ပွဲဖြစ်မယ့် အခြေအနေရှိနေတာကြောင့် ရွာသားတွေဟာ နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာနေကြတာလို့  လွယ်စပိကျေးရွာသား ဦးယွမ်လေးက ပြောပါတယ်။
ရွာသားတွေထွက်ပြေးတဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာပဲ ကျေးရွာဘက်မှာ မိုင်းကွဲတဲ့အသံတွေကို ကြားရတယ်လို့ ဦးယွမ်လေးက ပြောပါတယ်။
လွယ်စပိရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပြီး သူတို့ရွာမှာ အိမ်ထောင်စု ၂၂ စုရှိတာဖြစ် ပါတယ်။ မနေ့ကတော့ နမ္မတူမြို့ပေါ်က လီဆူဒုက္ခသည်စခန်းကို အိမ်ထောင်စု ၁၇ စု လူဦးရေ ၉၁ ယောက် ရောက်လာတယ်လို့ လီဆူစစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။ ကျန်တဲ့ အိမ်ထောင်စုတွေကတော့ စခန်းကို ရောက်မလာသေးဘူးလို့ ပြောပါတယ်။
အရင်က နမ္မတူ လီဆူဒုက္ခသည်စခန်းမှာ လူဦးရေ ၁၂၅ ယောက်ရှိတာဖြစ်ပြီး မနေ့က ၉၅ ယောက် ထပ်တိုးတဲ့ အတွက် လူဦးရေနှစ်ရာ့ငါးဆယ်လောက် ရှိသွားပြီးဖြစ်သလို ကျန်နေတဲ့ အိမ်ထောင်စုတွေလည်း ထပ်ရောက် လာနိုင်သေးတာကြောင့် စားစရာနဲ့ စောင်တွေ လိုအပ်နေတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ထပ်ရောက် လာသူတွေကို လက်ရှိစခန်းမှာ အဆင်ပြေသလို နေရာချထားပေးနေပြီး စစ်ရှောင်ကော်မတီအဖွဲ့က အကူအညီပေးနေတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။
လက်ရှိကျောက်မဲမြို့နယ်အတွင်းမှာလည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူ တစ်ထောင့်နှစ်ရာရှိနေပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
RFA Burmese
http://www.rfa.org/burmese
တပ်မတော်နဲ့ TNLA စစ်ရေးတင်းမာလို့ ဒေသခံတွေ ထွက်ပြေး
Reviewed by THITHTOOLWIN
on
19:21
Rating:
