ဥပဒေနဲ့မညီဘဲ အိမ်ယာစီမံကိန်းဖော်ဆောင်ဖို့ တိုင်းအစိုးရ ခွင့်ပြုကြောင်း NLD ကိုယ်စားလှယ်ပြော

Eco Green City အိမ်ရာစီမံကိန်းပြ ပုံစံငယ်ကို တွေ့ရစဉ်/ Photo: Phyo Min Thein's facebook
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ဧက ၁၄၀၀ ကျော်မှာ Eco Green City အိမ်ယာစီမံကိန်း ဖော်ဆောင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုလိုက်တာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဒီနေ့ ပြောပါတယ်။

အဲဒီစီမံကိန်းဟာ လွှတ်တော်အသီးသီးဆီ တင်ပြအကြောင်းကြားတာမျိုး မရှိခဲ့တဲ့အတွက်ကြောင့် စိစစ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ဆီ တင်ပြထားတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

အဲဒီစီမံကိန်းကို အရင်အစိုးရလက်ထက်က စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းနေတဲ့အတွက် ကျူးကျော်တွေက ဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျူးကျော်တွေကိုဖယ်ရှားပြီး Aliance Star ကုမ္ပဏီနဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက မကြာသေးခင်က ခွင့်ပြုလိုက်တာလို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အုပ်ချုပ်ရေးကဏ္ဍ အခန်း (၅ ) ပုဒ်မ ၂၅၁ မှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လုပ်ကိုင်တဲ့စီမံကိန်းမှန်သမျှတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမယ်ဆိုတဲ့အချက်ကို ထောက်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစီမံကိန်းကို ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာလည်း အတည်ပြုပြီးတာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေအပေါ် ဥပဒေနဲ့ ညီညွတ် မှုရှိ/မရှိဆိုတာကို ပိုပြီးခိုင်မာဖို့အတွက် ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ဆီ တင်ပြတာလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဥပဒေနဲ့မညီဘဲ အိမ်ယာစီမံကိန်းဖော်ဆောင်ဖို့ တိုင်းအစိုးရ ခွင့်ပြုကြောင်း NLD ကိုယ်စားလှယ်ပြော ဥပဒေနဲ့မညီဘဲ အိမ်ယာစီမံကိန်းဖော်ဆောင်ဖို့ တိုင်းအစိုးရ ခွင့်ပြုကြောင်း NLD ကိုယ်စားလှယ်ပြော Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.