![]() |
ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်/ Photo: Thiha Tun/RFA |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် အနားယူသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တရားဝင် သိထားတာမရှိဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"အဲဒီသတင်းထဲမှာပါတဲ့ဟာ ကျနော်တို့ CEC ကို ဘာမှ တရားဝင် မရောက်ဘူး ၊ တရားဝင် ဘာမှမရှိဘူး၊ ဟုတ်တယ် အဲဒါတွေ ကျနော်တို့လုံးဝမသိဘူးဗျ၊ CEC မှာဆုံးဖြတ်ရမှာပေါ့ သူက ပါတီကကို"
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က ဦးဝင်းထိန်ရဲ့ သား မင်္ဂလာဆောင်ပွဲကို နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနဲ့ NLD ပါတီ က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို အဲဒီလို ခမ်းခမ်းနားနား ကျင်းပတဲ့အတွက် ဝေဖန်မှုတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီပွဲမှာ အမှတ်တရ မင်္ဂလာစကားပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး သိပ်မနှစ်သက်တဲ့ သဘောမျိုးပြောခဲ့တာကို တွေ့ရကြောင်း မင်္ဂလာပွဲတက်ရောက်သူတချို့ရဲ့ ပြောဆိုမှုတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။
မင်္ဂလာပွဲအပြီးနောက်ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်တို့ တွေ့ဆုံခဲ့ကြတာရှိသလို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သြစတြေးလျနိုင်ငံကို ဦးဝင်းထိန် ခေတ္တဆေးဝါး ကုသမူခံယူဖို့ သွားရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပါတီရဲ့ အရေးကြီးတာဝန်တွေကနေ အနားပေးခံလိုက်ရပြီလားဆိုပြီး လူတွေကြားမှာ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူပြောတာက ဦးဝင်းထိန် ပါတီကနေ အနားယူတာမဟုတ်သလို ပါတီမှာလည်း မူလရာထူးတာဝန်အတိုင်း မပြောင်းလဲပဲရှိနေပါတယ်လို့ ဆိုပါတယ်။
NLD ပါတီ ဗဟိုကော်မတီဝင် ဦးအောင်စိုးက အခုပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေလိုမဟုတ်ပဲ သူရဲ့မိသားစုဝင်တွေရှိတဲ့ သြစတြေးလျနိုင်ငံကို ခေတ္တသွားရောက်တာဖြစ်ပြီး တစ်လကြာနေမယ် ဆိုတာလဲ မဟုတ်ဘူးလို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဦးဝင်းထိန်အနားယူတယ်ဆိုတာ မဟုတ်ကြောင်း NLD ခေါင်းဆောင်တွေပြော
Reviewed by THITHTOOLWIN
on
19:05
Rating:
