နေပြည်တော်တွင် လွန်ခဲ့သည့် နှစ် ၅ဝဝ ခန့်က ငလျင် ပြတ်ရွေ့ကြော များတွေ့ရှိ


နေပြည်တော်တွင် ငလျင်ဆိုင်ရာ အထောက်အထားများ သုတေသနပြုလုပ်၊ လွန်ခဲ့သည့် နှစ် ၅ဝဝ ခန့်က ငလျင်လှုပ်မှုကြောင့်ဖြစ်ပေါ်လာသည့် ပြတ်ရွေ့ကြော များတွေ့ရှိဟုဆို
နေပြည်တော် ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံလှ ကျေးရွာဟောင်းအနီး ကြာကန်၏ အရှေ့ဘက်မြေနေရာ နှင့် ငွေလျှံကုန်းကျေးရွာအနီး လယ်မြေ နေရာများတွင် ကွင်းဆင်း တူးဖော် သုတေသနပြုလုပ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝ ခန့်က မြေငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ရွေ့ကြောများ ရှာဖွေ တွေ့ရှိခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သုတေသနလုပ်ငန်းများဆောင်ရွက်

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသူရထွန်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ ဟင်္သာတတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာစောငွေခိုင်၊ တောင်ငူ တက္ကသိုလ် ဘူမိဗေဒ ဌာနမှ ကထိက ဒေါက်တာစိုးမင်း အပါအဝင် ဆရာ ဆရာမ ၁၅ ဦးနှင့် စင်ကာပူနိုင်ငံ နန်ယန်တက္ကသိုလ်မှ မြေငလျင် ပညာရှင်တစ်ဦးတို့က နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ဇန်နဝါရီ ၂၁ ရက်အထိ နေပြည်တော်တွင် မြေငလျင်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပါမောက္ခ ဌာနမှူး ဒေါက်တာစောငွေခိုင်နှင့် အဖွဲ့သည် လွန်ခဲ့သည့် ငါးနှစ်ခန့်က လည်း နေပြည်တော်တွင် မြေငလျင် သုတေသနလုပ်ငန်းများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

ခွင့်ပြုချက်ရရှိရေး ညှိနှိုင်း

ဒေါက်တာ စောငွေခိုင်ခေါင်းဆောင်သည့် အဖွဲ့သည် သုတေသနပြုလုပ် မည့် ပုဗ္ဗသီရိမြို့နယ် ကံလှကျေးရွာဟောင်း အနီး ကြာကန်၏ အရှေ့ဘက်မြေနေ ရာနှင့် ငွေလျှံကုန်းကျေးရွာ အနီး လယ်မြေနေရာ များအား လယ်မြေပိုင်ရှင်များထံမှ ခွင့်ပြု ချက်ရရှိနိုင်ရေး ညှိနှိုင်းခဲ့ကြပြီးနောက် ဇန်နဝါရီ ၁၆ ရက်တွင် မြေကျင်းများ တူးဖော်ခြင်း၊ မြေပြင် တိုင်းတာခြင်းလုပ်ငန်းများ အား စတင်၍ မြေငလျင်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း တူးဖော်သုတေသန ပြုလုပ်ခဲ့ရာ လွန်ခဲ့ သည့် နှစ်ပေါင်း ၅ဝဝ ခန့်က မြေငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြတ်ရွေ့ကြော များ ရှာဖွေတွေ့ရှိ၍ ဆက်လက် သုတေသနပြုလုပ်လျက်ရှိကြောင်း တောင်ငူ တက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာစိုးမင်းထံမှ သိရသည်။

ထပ်မံ၍ မြေမျက်နှာသွင်ပြင်အနေအထားများအား ဒရုန်းများအသုံးပြုပြီး ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးရန် အသုံးပြုခွင့်ရရှိရေးကို နေပြည်တော်ကောင်စီ သို့ တင်ပြခွင့်ပြု ချက်ရယူဆောင်ရွက်ပြီး မြေငလျင်ဆိုင်ရာ သမိုင်းအထောက် အထားများ ရှာဖွေတူးဖော်မှု သုတေသနလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 ဇင်ဦး(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နေပြည်တော်တွင် လွန်ခဲ့သည့် နှစ် ၅ဝဝ ခန့်က ငလျင် ပြတ်ရွေ့ကြော များတွေ့ရှိ နေပြည်တော်တွင် လွန်ခဲ့သည့် နှစ် ၅ဝဝ ခန့်က ငလျင် ပြတ်ရွေ့ကြော များတွေ့ရှိ Reviewed by THITHTOOLWIN on 12:24 Rating: 5
Powered by Blogger.