လက်နက်ဖြုတ်သိမ်းရေးနဲ့ တပ်ဖျက်သိမ်းရေး မလုပ်နိုင်သေးကြောင်းနဲ့ တတိယပင်လုံကို ဆိုင်းငံ့ထားဖို့ KNLA ခေါင်းဆောင်တွေ ဆုံးဖြတ်
![]() |
ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်က ကျင်းပတဲ့ (၆၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNU တပ်သားတွေကို တွေ့ရစဉ်/ Photo: RFA |
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့က KNLA ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အစည်းအဝေးမှာ လက်နက်ဖြုတ်သိမ်းရေး DDR အကြောင်းဆွေးနွေးခဲ့တာဖြစ်ပြီး တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဆိုင်းငံ့ထားဖို့ အကြံပြုချက်တွေရှိတယ်လို့ KNLA ကာကွယ်ရေးဌာနက တာဝန်ခံ ဗိုလ်မှူးကြီး စောရောဂျာခင် က ပြောပါတယ်။
"ရပ်တည်ချက်ကတော့ ချက်ချင်း DDR/SSR လုပ်ရင် လက်မခံနိုင်ဘူးပေါ့ ၊ နိုင်ငံရေးမှ ပြေပြေလည်လည်မှ မဆွေးနွေးနိုင်သေးပဲနဲ့ ဘာမှအာမခံချက်မှမရှိပဲ DDR/SSRကို လက်မခံနိုင်ဘူး အဲဒါပါ။ နိုင်ငံရေး တွေ့ဆုံပွဲက အဖြေကောင်းတွေ ထွက်လာမှပဲ အဲဒါတွေလုပ်ဖို့ပါ၊ အခုက စောစောစီးစီးလုပ်တော့ KNLA က လက်မခံနိုင်ဘူးပေါ့၊ ဒီအတိုင်းတာသွားလည်း လာမယ့် တတိယအကြိမ် ၂၁ ပင်လုံညီလာခံက ရပ်ဆိုင်းသင့် ရွှေ့ဆိုင်းသင့်တယ်ပေါ့"
KNLA အဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ စစ်ရေးဆိုင်ရာ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဲဒီဆုံးဖြတ်ချက်ကို မကြာခင်ပြုလုပ်မယ့် KNU ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြမယ်လို့ ဗိုလ်မှူးကြီး စောရောဂျာခင် က ပြောပါတယ်။
KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက KNLA ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင် မသိရသေးကြောင်းနဲ့ ၂၁ ပင်လုံ ညီလာခံ တက်မတက်ဆိုတဲ့ကိစ္စကို တစ်စု တစ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ပဲ အများသဘောတူညှိနှိုင်းမူနဲ့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
လာမယ့် တတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ တပ်မတော်ဘက်က DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေကို ဆွေးနွေးလိုတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တပ်ဖျက်သိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ ဝေါဟာရအပေါ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မူ မတူတာကြောင့် ထပ်မံညှိနှိုင်းရဦးမယ်လို့ ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲမှာ KNU ဟာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ KNLA ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေးကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၊ ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တို့အပါအ၀င် စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
လက်နက်ဖြုတ်သိမ်းရေးနဲ့ တပ်ဖျက်သိမ်းရေး မလုပ်နိုင်သေးကြောင်းနဲ့ တတိယပင်လုံကို ဆိုင်းငံ့ထားဖို့ KNLA ခေါင်းဆောင်တွေ ဆုံးဖြတ်
Reviewed by THITHTOOLWIN
on
19:03
Rating:
