ပယင်းမှော် KIA တပ်စခန်းများ ကို တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက်

ပယင်းမှော် KIA တပ်စခန်းများ ကို တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက်၊ Photo from WeChat
တနိုင်းမြို့ ပယင်းမှော် ရွှေမှော် များရှိရာ နေရာများသို့ မြန်မာ့ တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဇန်န၀ါရီလ ၂၆ ရက်နေ့ ယနေ့  အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများ ပြောလာပါသည်။
ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ပယင်းမှော်၊ ရွှေမှော် များရှိရာ Nambyu (နမ်ဘရူ)၊ Nam Hkam (နမ်ခမ်) ကျေးရွာများဘက်တွင် တပ်မတော် တိုက်လေယာဉ် လေးစီးဖြင့် သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများမှ သိရပါသည်။

ထို့အပြင် မြေပြင် တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း ပြောသည်။

ယနေ့ လေကြောင်း ပစ်ခတ်မှုကြောင့် ပယင်းမှော်ထဲရှိ ပြည်သူအချို့ ထိခိုက်မှုရှိကြောင်း သတင်းကြားသိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲသံများကို တနိုင်းမြို့တွင်းမှပင် ကြားနေရကြောင်း မြို့ခံ တစ်ဦး ယခုလို ပြောသည်။

“ကျွန်တော်တို့ တနိုင်းမြို့မှ ဗုံးအကြီး အတွဲလိုက် ၃ ခါ မြည်တာ တစ်ခါကြားတယ်။ နောက်တစ်ခေါက် ၂ ခါ ပြန်ကြားတယ်။ ဗုံး ၅ ခါမြည်ပြီး လေယာဉ်ပျံတဲ့ အသံတွေလည်း ကြားရတယ်။ မကြာခင်မှာဘဲ တစ်ခေါက်လာပစ်ပြန်ပါတယ်။”

ယခုချိန် တနိုင်းမြို့ပြင် ၂ မိုင် အတွင်း အစိုးရစစ်သားများ နေရာအနှံ တပ်ချထားမှုကြောင့် လူထု သွားလာမှု အဆင်မပြေတော့ကြောင်း ဒေသခံများ ရင်ဖွင့်လာပါသည်။

တောထွက်ရှာဖွေစားသောက်နေရသည့် ဒေသခံများကို တပ်မတော်သားက ဖမ်းဆီးရိုက်နက်မှု ရှိနေသောကြောင့် ဒေသခံများ ရွာပြင် မထွက်ရဲကြောင်း ပြောသည်။

ဟူးကောင်း ချိုင့်ဝှမ်း ဒေသ ဘက်တွင် သာမက ကားမိုင်း အနောက်ဘက် ခြမ်းတွင်လည်း ယနေ့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများမှ သိရပါသည်။

Kachin News Group
http://burmese.kachinnews.com/
ပယင်းမှော် KIA တပ်စခန်းများ ကို တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက် ပယင်းမှော် KIA တပ်စခန်းများ ကို တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက် Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.