မိုးညှင်းတွင် ကျောင်းသား သုံးဦး ကျောက်ခဲတင်ကားနှင့်တိုက်မိ နှစ်ဦးသေဆုံး


မိုးညှင်း ဇန်နဝါရီ ၅

မိုးညှင်းမြို့ အထက(၁) ကျောင်းသားသုံးဦး စီးလာသော ဆိုင်ကယ်နှင့် ကျောက်ခဲတင်ကားတို့ တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၁ နာရီခွဲအချိန်က ရွာသစ်ကုန်း ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာအနီးတွင် တိုက်မိခဲ့ပြီး ကျောင်းသားများမှာ မိုးညှင်းမြို့ အရှေ့စု (၅)လမ်းနေ အထက(၁) ဒသမတန်း (H) အခန်းတွင် ပညာသင်ကြားနေသူ ကျော်နိုင်ဝင်းနှင့် ဇင်မင်းသန့်၊ န၀မတန်းတွင် ပညာသင်ကြားနေသော သန်းတိုးအောင်တို့ ဖြစ်ကြောင်း သိရသည်။

“ကျောင်းသားတွေက ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့အခါ ကျောက်တင် တဲ့ကား တောင်ဇလပ် စားသောက်ဆိုင်က အထွက်မှာ တိုက်မိခဲ့ကြတာပါ” ဟု ရွာသစ်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ယုက ပြောသည်။

ဆိုင်ကယ်၏ အနောက်ဆုံးတွင် လိုက်ပါလာသူ သန်းတိုးအောင်၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ဒဏ်ရာများ၊ ညာဘက်ပေါင်တွင် ဖူးရောင်ဒဏ်ရာများ၊ ညာဘက်ဒူးတွင် ပေါက်ပြဲဒဏ်ရာများ၊ ဘယ်ဘက်နှင့် ညာဘက် ခြေဖမိုး နှစ်ဖက်စလုံးတွင် စုတ်ပြတ်ဒဏ်ရာများ ရရှိခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အရေးပေါ် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကျန်နှစ်ဦးမှာ နေရာတွင် သေဆုံးသွားခဲ့သည်။

“အခု ဆိုင်ကယ်တိုက်တဲ့ ကလေးတွေဟာ ဆိုင်ကယ်ဦးထုပ်သာ ဆောင်းခဲ့မယ်ဆိုရင် ဦးခေါင်းကို မထိခိုက်နိုင်ပါဘူး၊ ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ကို သေသေချာချာ ဆောင်းသင့်ပါတယ်”ဟု မိုးညှင်းမြို့မ ရဲစခန်း ဒုစခန်းမှူး ညွန့်လှိုင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သူ ယာဉ်မောင်း ထွန်းထွန်းလင်း (ခ) အောင်မိုးဆက်အား ယာဉ်(ပ) ၂ ရာဇသတ်ကြီး ပုဒ်မ -၃၀၄-(က)/၃၃၈ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မိုးညှင်း မြို့မရဲစခန်းက သိရသည်။

ဦးမင်းမင်းဦး
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးညှင်းတွင် ကျောင်းသား သုံးဦး ကျောက်ခဲတင်ကားနှင့်တိုက်မိ နှစ်ဦးသေဆုံး မိုးညှင်းတွင် ကျောင်းသား သုံးဦး ကျောက်ခဲတင်ကားနှင့်တိုက်မိ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.