ခိုးယူလာသည့်ယာဉ်အား တားဆီးသည့် ရဲတပ်သားတစ်ဦးကို ယဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား


တောင်သာမြို့ မိတ္ထီလာ-မြင်းခြံလမ်း တောင်သာအထကအနီး၌ ခိုးယူမောင်းနှင်လာသည့်ယာဉ်အား ဖမ်းဆီးရန်ရဲတပ်သားတစ်ဦးက ဟန့်တားစဉ် ယာဉ်ဖြင့်ဝင်တိုက်မှု ဇန်နဝါရီ ၁၄ရက် ညနေ၅း၃၀အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်သာမြို့နယ်ရုံစည်ကြီးကျေးရွာမှ သုခဟိတဓရ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များသည် သီးပင်ကုန်းရပ်ကွက်၌ ဇန်နဝါရီ၁၄ရက် ညနေ ၄း၃၀အချိန်က ကားအဆောက်အဦပြုပြင်နေစဉ် အသင်းပိုင် MDY/HSE -----(TOYOTA HIACE) ယာဉ်အား လမ်းပေါ်၌ကားသော့အဖြုတ်ဘဲရပ်ထားခဲ့ရာ အမျိုးသားတစ်ဦးက ခိုးယူမောင်းနှင်သွားပြီး တောင်သာမြို့ဘက်သို့ ထွက်သွားကြောင်းသိရ၍ ရုံးစည်ကြီးရဲကင်းစခန်းမှ တောင်သာမြို့မရဲစခန်းသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်သာမြို့၌ ယာဉ်လမ်းစည်းကမ်း တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာ ၄နေရာခွဲကာ တားမြစ်ခဲ့ သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွား၍ တောင်သာမြို့မစခန်းမှ ရဲတပ်သား အောင်းလင်းဦးက ဆိုင်ကယ်ဖြင့် နောက်မှလိုက်ခဲ့ပြီး အဆိုပါယာဉ်၏ရှေ့ ပေ၂၀ခန့်အကွာမှ ထပ်မံဟန့်တားခဲ့ကြောင်း သိရပါသည်။

ထိုသို့တားဆီးစဉ် ယာဉ်မောင်းဖြစ်သူ တောင်ဒဂုံမြို့နယ်နေစန်းယုနိုင်(၃၉)နှစ်က ဆိုင်ကယ်အား အရှိန်ဖြင့် ဝင်ရောက်တိုက်ခဲ့ရာ ဆိုင်ကယ်မှာ ယာဉ်၏အောက်သို့ ရောက်ရှိသွားပြီး ရဲတပ်သားမှာ လမ်းဘေးသို့ လွင့်စဉ်သွားခဲ့၍ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ အဆိုပါယာဉ်မှာလည်း ပေတစ်ရာခန့်အကွာတွင် ရပ်တန့်သွားခဲ့၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ပြစ်မှုကျူးလွန်ခဲ့သူစန်းယုနိုင်အား တောင်သာမြို့မရဲစခန်းမှအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းလက်ကြယ်(တောင်သာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခိုးယူလာသည့်ယာဉ်အား တားဆီးသည့် ရဲတပ်သားတစ်ဦးကို ယဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား ခိုးယူလာသည့်ယာဉ်အား တားဆီးသည့် ရဲတပ်သားတစ်ဦးကို ယဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.