ကုလကယ်ဆယ်ရေး ရံပုံငွေတွေ အမေရိကန် ဆိုင်းငံ့

ကလေးငယ်တွေ ပညာရေး ထိခိုက်နိုင်
ပါလက်စတိုင်းကို ထောက်ပံ့တဲ့ ကုလသမဂ္ဂ ကူညီရေး အစီအစဉ်မှာ အမေရိကန် ထည့်ဝင်မယ့် ဒေါ်လာ ၁၂၅ သန်းထဲက ထက်ဝက်ကျော် ၊ အရစ်ကျငွေတွေကို မပေးတော့ပဲ ဆိုင်းငံ့ ထားလိုက်တယ် ဆိုပြီး အမေရိကန် အာဏာပိုင်တွေက အတည်ပြု ပြောဆိုပါတယ်။

ဒေါ်လာ သန်း ၆ဝ ကိုတော့ ပေးသွားမှာ ဖြစ်ပြီး၊ ၆၅ သန်းကို မပေးပဲ ထိန်းထားမယ်လို့ ဆိုပါတယ်။ ဒီငွေတွေဟာ UNRWA လို့ ခေါ်တဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းအဖွဲ့ကို အမေရိကန် ထည့်ဝင်တဲ့ ငွေတွေ ဖြစ်ပါတယ်။

UNRWA ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အသုံးစားရိတ် ၃ဝ% နီးပါးကို အမေရိကန်က ထည့်ဝင်နေတာ ဖြစ်ပြီး၊ မနှစ်ကဆိုရင် ဒေါ်လာ သန်း ၃၇၀ ပေးခဲ့ပါတယ်။

ရံပုံငွေ ထည့်ဝင်မှု ပမာဏ ထက်ဝက်ကျော် ဆိုင်းငံ့မယ် ဆိုတဲ့ အမေရိကန်ရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် အကူအညီ လိုအပ်နေသူတွေ အရေအတွက် သိန်းနဲ့ချီပြီး ထိခိုက် ရလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိတွေက သတိပေးပါတယ်။

အစ္စရေးနဲ့ကြား ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းမှုတွေကို ပါလက်စတိုင်း ဘက်က ငြင်းဆန်မယ်ဆို အမေရိကန်က အကူအညီတွေ ဖြတ်တောက်ရလိမ့်မယ် ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က အစောပိုင်းတုန်းက ပြောထားပါတယ်။
ပါးကို ရိုက်နှက်သလို ရာစုနှစ်အတွင်း အဆိုးဆုံး လုပ်ငန်းစဉ်
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သမ္မတ ထရမ့်ရဲ့ အစီအစဉ်တွေကို လက်သင့် မခံ နိုင်ဘူး ဆိုပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းကပဲ ပြောဆို ခဲ့ပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေး ဆိုတာ ပါးကို ရိုက်နှက်သလို ရာစုနှစ်အတွင်း အဆိုးဆုံး လုပ်ငန်းစဉ်ပဲ ဆိုပြီး ပါလက်စတိုင်း ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ သမ္မတ အာဘတစ် ပြောဆို ခဲ့တာပါ။

အဓိကကတော့ ဂျေရူဆလင်မ်ကို အစ္စရေး မြို့တော် အဖြစ် ထရမ့်က အသိအမှတ် ပြုခဲ့တဲ့ အပေါ် ပါလက်စတိုင်းက အပြင်းအထန် ကန့်ကွက် နေတာ ဖြစ်ပါတယ်။
 ဂျေရူဆလင်မ်ကို အစ္စရေး မြို့တော်အဖြစ် ထရမ့် အသိအမှတ်ပြု
ကုလသမဂ္ဂ အတွက် ထည့်ဝင်ငွေတွေကို ဆိုင်းငံ့တာဟာ အပြစ်ပေးတဲ့ ပုံစံမျိုး လုပ်ဆောင်တာ မဟုတ်ပဲ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီထဲ ပြုပြင် ပြောင်းလဲတာတွေကို အမေရိကန်က မြင်လိုတဲ့ အတွက် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရ ဟယ်သာ နောရက်က ပြောပါတယ်။

အမေရိကန်က သူ့ အချိုးကျ ငွေတွေ မထည့်ဘူး ဆိုရင် လိုနေမယ့် ရံပုံငွေတွေ အတွက် တခြား အလှူရှင် နိုင်ငံတွေ ဝိုင်းဖြည့်ပေးပါ ဆိုပြီး ကုလသမဂ္ဂက နှိုးဆော် နေပါတယ်။

ရံပုံငွေတွေ မလုံလောက်ဘူး ဆိုရင် အရှေ့အလယ်ပိုင်း တလွှားက ပါလက်စတိုင်း ဒုက္ခသည်တွေ၊ အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေနဲ့ ဂါဇာက ကလေးငယ်တွေ အတွက် ပညာရေး အပါအဝင် အထွေထွေ ထိခိုက်မှုတွေ ဖြစ်ရလိမ့်မယ် ဆိုပြီး ကုလသမဂ္ဂ လူသားချင်း စာနာနားလည်မှု အကူအညီပေးရေး ဆိုင်ရာ တာဝန်ခံ Jan Egeland ယန် အေဂယ်လဲန်က သတိပေး နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကုလကယ်ဆယ်ရေး ရံပုံငွေတွေ အမေရိကန် ဆိုင်းငံ့ ကုလကယ်ဆယ်ရေး ရံပုံငွေတွေ အမေရိကန် ဆိုင်းငံ့ Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.