ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုကိစ္စ သတင်းစာရှင်းလင်း

ရန်ကုန်မြို့ ဘုရင့်နောင်က မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်း ဥက္ကဌ ဦးအောင်သန်းဦး ကို တွေ့ရစဉ်/ Photo: Aung Thain Kha/RFA
ရန်ကုန်တိုင်း ဆန်ဈေးကွင်းအတွင်း ငွေကျပ်သိန်းပေါင်း ၅သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တာဟာ ဆန်ကုန်သည်တွေရဲ့ လောဘကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီနေ့ ပြောပါတယ်။

ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဘုရင့်နောင်က မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်း ဥက္ကဌ ဦးအောင်သန်းဦးက ပြောတာ ဖြစ်ပါတယ်။

"ရောင်းသူဝယ်သူ ကျေနပ်နေတဲ့အခါမှာ ကျနော်တို့အနေနဲ့ ဒါကိုဝင်ဖို့ တော်တော်ခက်ပါတယ်၊ ဒီဟာကလည်းပဲ ရောင်းသူဝယ်သူ ကျေနပ်နေတဲ့အချိန်ကိုး၊ သွားပြီးတော့ ဥပဒေကြောင်းအရလည်း စွက်ဖက်လို့ မရပါဘူး စည်းကမ်းအရလည်း စွက်ဖက်လို့ မရပါဘူး၊ ဒီလိုရောင်းတဲ့အခါမှာလည်း ပုံမှန်ဖြစ်နေတဲ့ ဈေးကွက်ရဲ့ပေါက်ဈေးတွေနဲ့ ပိုမိုရလိုတဲ့ဆန္ဒနဲ့ ရောင်းနေတာကိုလည်း ကျနော်တို့ တွေ့ရတယ်၊ လက်ရှိ Export ဖြစ်ပေါ်နေတဲ့ဈေး ဆန် ၁ တန်ရဲ့ ပြည်ပရောင်းဈေး ပြည်တွင်းမှာ ရှိတဲ့ငွေလဲလှယ်နှုန်း တင်ပို့တဲ့ စရိတ်စကတွေ ကို တွက်ချက်ကြည့်မယ်ဆိုရင်လည်း လည်းကောင်းထံသွားရောင်းနေတဲ့ ဈေးတွေသည် ဒါဈေးကွက်ရဲ့ ပေါက်ဈေးဖြစ်မဖြစ်ဆိုတာ အားလုံး သုံးသပ်လို့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကုန်စည်ဒိုင်ကော်မတီ အနေနဲ့ကော အကြိမ်ကြိမ်အသိပေးထားပါတယ်၊ သို့သော်လည်းပဲ အချို့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လည်းကောင်းတို့ရဲ့ လောဘဆန္ဒဟာ ရှေ့တန်းတင်ပြီး လုပ်တဲ့အတွက် ယခုလို အမောင့်ကြီးကြီးဖြစ် တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်"

အဲဒီလိမ်လည်မှုကို ကုန်သည် ၆၄ ဦး တိုင်တန်းမှုကြောင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းအနေနဲ့ သိရှိရတာဖြစ်ပြီး တိုင်ကြားမှုနောက်ကျတဲ့အတွက် ငွေကြေးလိမ်လည်သူက ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ လိမ်လည်ခံရသူတွေထဲမှာ ပြည်ပကုမ္ပဏီတစ်ခုလည်း ပါဝင်နေပြီး အဲဒီကုမ္ပဏီက ဒေါ်လာ တစ်သိန်းလေးသောင်းလောက် ပါသွားတယ်လို့ တိုင်ကြားထားကြောင်း ပြောပါတယ်။

ငွေလိမ်လည်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆန်စပါးကုန်သည်များ အသင်းတို့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ဦးအောင်သန်းဦးက ပြောပါတယ်။

ငွေကြေးလိမ်လည်သူတွေနဲ့ ဆက်စပ်ပြီး ကုန်သည် ၄ ဦးလောက်ကိုလည်း တရားစွဲဆိုထားပါတယ်။

ဆန်အပြင် အလုပ်သမား ၄၀ နီးပါးလောက်ကိုလည်း လုပ်အားခမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပြီး အခုလို ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်တဲ့အတွက် ဆန်စပါးဈေးကွက်အပေါ် ထိခိုက်မှုကြီးမားကြောင်း အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ငွေကြေးလိမ်လည်သူ ASO ကုမ္ပဏီက ဦးအောင်ဆွေဦးနဲ့ ဇနီးကို ဖမ်းဆီးရမိဖို့ ကြိုးစားသွားမှာဖြစ်ပြီး နစ်နာသူတွေကိုလည်း ငွေကြေးအချိုးကျရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် အသင်းမှာ ကော်မတီ ၃ ရပ် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှာ ငွေကြေးလိမ်လည်မှု သိန်းပေါင်းသောင်းနဲ့ချီ ဖြစ်ပေါ်တာ ဒီတစ်ကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုကိစ္စ သတင်းစာရှင်းလင်း ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုကိစ္စ သတင်းစာရှင်းလင်း Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.