ငြိမ်းစုစီပုဒ်မဖြင့် လူငယ် (၃) ဦး ထပ်မံ အရေးယူခံရ သဖြင့် လွိုင်ကော်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြ
ဇန်နဝါရီ ၁၉၊ ၂၀၁၈။
ကရင်နီပြည်သူ ၈၀၀ ကျော်ခန့်က လူငယ် (၃) ဦးဖြစ်သည့် ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး၊ ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဌ ခူးတူရယ်နှင့် ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်း အသန်းတို့ကို ကယားပြည်နယ် အစိုးရ အာဏာပိုင်များက ငြိမ်းစုစီ ပုဒ်မ (၁၉)ဖြင့် ထပ်မံတရားစွဲဆိုသည့် အတွက်ကြောင့် ယနေ့ လမ်းပေါ်ထွက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါသည်။
ဆန္ဒပြသည့် ပြည်သူများကို ကယားပြည်နယ် အစိုးရ ရုံးရှေ့တွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ တားဆီးခဲ့သော်လည်း ကယားပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်သူ (၅) ဦးကို တွေ့ဆုံ ညှိနှိုင်းခွင့်ပြုခဲ့ပါသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖေါင်းရှိုကို ဦးဆောင်သူ လူငယ်များက လက်ရှိ တရားစွဲထားသည့် အမှုကို ရုပ်သိမ်းပေးရန်၊ ထောင်ချထားသည့် လူငယ် (၅) ဦးကို လွတ်ပေးရန်၊ ဝန်ကြီးချုပ်မှ ပြည်သူများနှင့် (၃) လ တစ်ကြိမ်တွေ့ဆုံသည့် အစီအစဉ် ပြုလုပ်ပေးရန်နှင့် အရပ်သား (၁) ဦး အသတ်ခံရသည့်အပေါ် အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရခဲ့ပါ။
ထို့အတွက်ကြောင့် ဆန္ဒပြသူများက ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပြီး လွိုင်ကော်မြို့လယ် မီးပွိုင့်ကို (၁) နာရီကျော် ပိတ်ဆို့ပြီး ဟောပြော ဆန္ဒပြခဲ့ကြသည်။ ၄င်း အပြင် တရားရုံးရှေ့တွင် တရားစွဲခံထားရသည့် လူငယ် (၃) ဦးက ဟောပြောမှုများပြုလုပ်ခဲ့ပြီး ၄င်းလူငယ် (၃) ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက အမှုစစ်ဆေးခဲ့ပါသည်။ တရားသူကြီးက အပြီးသတ်အမိန့်မချမှတ်ခဲ့ဘဲ လူငယ် (၃) ဦးကို လွိုင်ကော် အကျဉ်းထောင် အချုပ်တွင် ဖမ်းဆီးထားပြီး ဇန်နဝါရီလ (၂၃)
ရက်နေ့တွင် ရုံးချိန်း ပြန်လည် ခေါ်ယူထားပါသည်။ ထို့နောက်ဆန္ဒပြသူများက လွိုင်ကော်အကျဉ်းထောင်ရှေ့တွင် ဆက်လက် ဆန္ဒပြခဲ့ပြီး လူစုခွဲခဲ့ကြသည်။
KNPP ရဲဘော် (၃) ဦးနှင့် အရပ်သား (၁) ဦးကို မြန်မာ့ တပ်မတော် ဒကစ လက်အောက်ခံတပ်မှ သတ်ဖြတ်သည့်အပေါ် အရေးယူဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို ပြည်နယ် အာဏာပိုင်များက လူငယ် (၅) ဦးအား ဖမ်းဆီးထောင်ချခဲ့ပြီး ယခုကဲ့သို့ လူငယ် (၃) ဦးကို ထပ်မံ တရားစွဲဆို ဖမ်းဆီး ထားပါသည်။
Kayan New Generation Youth - KNGY
https://www.facebook.com/kngymm/
ငြိမ်းစုစီပုဒ်မဖြင့် လူငယ် (၃) ဦး ထပ်မံ အရေးယူခံရ သဖြင့် လွိုင်ကော်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြ
Reviewed by THITHTOOLWIN
on
19:35
Rating:
