မြောက်ဦးပဋိပက္ခအတွင်း သေဆုံးသူများ၏ မိသားစုဝင်များက အစိုးရ၏ထောက်ပံ့ငွေကို လက်မခံ


စစ်တွေ၊ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း သေဆုံးသွားသူများအတွက် အစိုးရ၏ထောက်ပံ့ငွေများကို လက်မခံဘဲ ပြန်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါပဋိပက္ခအတွင်း သေဆုံးသူသွားသူ ၇ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅ သိန်းစီဖြင့် အစိုးရ၏ ထောက်ပံ့ငွေ ကျပ် ၃၅ သိန်းကို အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖြူသာထွန်းထံ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်က ပြန်လည်ပေးအပ်လိုက်ကြောင်း သေဆုံးသွားသူများ၏ မိသားစုဝင်များက ပြောသည်။

"အခု အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တွေ့လို့ ပြန်ပေးလိုက်ပါပြီ။ သူ ယူပြီး ပြန်သွားပါပြီ။"ဟု သေဆုံးသွားသူ ၇ ဦးထဲတွင်ပါဝင်သော ကိုညီညီဇော်၏ အစ်ကိုဖြစ်သူ ကိုမောင်သန်းကြိုင်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

အဆိုပါထောက်ပံ့ငွေများကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းဦးဆောင်ကာ မြောက်ဦးမြို့ရှိ နာရေးရုံးတွင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"ဘယ်သူ့ဆီက ပေးမှန်းမသိတော့ ကျမတို့ ယူထားလိုက်မိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရဆီက ပေးတာလို့ ကျမတို့ သိရတော့ အစိုးရကပေးတာဆိုရင် လုံးဝ မလိုချင်ဘူး။ နောက်ပြီး မနေ့ကပေးလာတဲ့အခါ အလှူရှင်နာမည်လည်း သူတို့ မဖော်ပြသလို ကျမတို့ လက်မှတ်လည်း ထိုးလိုက်ရသေးတယ်။"ဟု သေဆုံးသွားသူ ၇ ဦးထဲတွင်ပါဝင်သော ကိုကျော်နိုင်ဝင်း၏အစ်မဖြစ်သူ မလှမေသန်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ငွေပြန်လည်လက်ခံလိုက်သည့် အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖြူသာထွန်းအား နိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းရာ သူက "အခု အဲဒီငွေတွေကို ဘာဆက်လုပ်မလဲဆိုတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါ အားလုံးတိုင်ပင်နေကြပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့ တစ်ခု လုပ်ရမှာပါ။"ဟု ပြောသည်။

သေဆုံးသွားသူ ၇ ဦးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညက မြောက်ဦးမြို့ နန်းရာကုန်းရင်ပြင်တွင် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်းအခမ်းအနားကျင်းပခွင့်မရ၍ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ရဲတပ်ဖွဲ့၏ သေနတ်ကျည်ဆံထိမှန်သေဆုံးသွားသူများဖြစ်သည်။

ယင်းအပြင် အဆိုပါဖြစ်စဉ်ကြောင့် လူ ၁၂ ဦးလည်း ဒဏ်ရာအပြင်းအထန်းရရှိခဲ့ပြီး သူတို့အတွက် အစိုးရက တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းထောက်ပံ့ထားသည်ဟုလည်း ဆိုထားသည်။ အစိုးရ၏ထောက်ပံ့ငွေများကို ဒဏ်ရာရသူများက လက်ခံ၊ မခံဆိုသည်ကို နိရဉ္စရာအနေဖြင့် အတည်မပြုနိုင်သေးပါ။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206/
မြောက်ဦးပဋိပက္ခအတွင်း သေဆုံးသူများ၏ မိသားစုဝင်များက အစိုးရ၏ထောက်ပံ့ငွေကို လက်မခံ မြောက်ဦးပဋိပက္ခအတွင်း သေဆုံးသူများ၏ မိသားစုဝင်များက အစိုးရ၏ထောက်ပံ့ငွေကို လက်မခံ Reviewed by THITHTOOLWIN on 08:36 Rating: 5
Powered by Blogger.