![]() |
ရေရှည် ပြဿနာတွေ ဆက်ရှိ နေဦးမယ် |
ကမ္ဘာ့ဘဏ်က အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဆန်းစစ် ခန့်မှန်းချက်တွေအရ ကမ္ဘာ့စီးပွားရေးဟာ ၂ဝ၁၈ မှာ ၃.၁% တိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ နိုင်ငံတကာမှာ ၂ဝဝ၈ ကစလို့ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းတွေ ကိုယ်စီ ကြုံတွေ့ခဲ့ကြတဲ့နောက် ပထမဆုံး အကြိမ် စီးပွားရေးဟာ အရှိန်အမြင့်ဆုံးနဲ့ ပြန်လည် တိုးတက် လာနိုင်တာ ဖြစ်တယ် ဆိုပြီး ကမ္ဘာ့ဘဏ်က ဟောကိန်း ထုတ်နေတာ ဖြစ်ပါတယ်။
အဓိက အကြောင်းကတော့ ကျန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် တုန်းက ကမ္ဘာ့စီးပွားရေး အခြေအနေဟာ မျှော်လင့် ထားခဲ့တာတွေထက် အခြေအနေ ပိုကောင်းခဲ့လို့ ၂ဝ၁၈ ခုနှစ်မှာ စီးပွားတိုးနှုန်း ပိုပြီး ကောင်းလာ နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
စီးပွားတိုးတက်မယ်လို့ ဆိုပေမယ့် ယာယီသာ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုပြီးတော့လည်း ကမ္ဘာ့ဘဏ်က သတိ ပေးပါတယ်။
လူနေမှု အဆင့်အတန်းတွေ တိုးတက်ပြီး၊ ဆင်းရဲ မွဲတေမှု လျှော့ချဖို့လို ရေရှည် ကိုင်တွယ်ရမယ့် အရာတွေမှာ ပြဿနာတွေ ဆက်ရှိ နေလိမ့်ဦးမယ်လို့ ဆိုပါတယ်။
ဘာပဲပြောပြော အခုလို ကမ္ဘာ့စီးပွားရေး ပြန်နလံထူလာတာ တွေ့ရတာ အားရစဖွယ် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ် ယောင် ကင်မ်က ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်တွေကို ကြည့်ရင် ကမ္ဘာ့ နေရာ တစ်နေရာနဲ့ တစ်နေရာ ဒေသအလိုက် ကွာခြားမှုတွေ ရှိနေတာကိုတော့ တွေ့ရပါတယ်။
စီးပွားရေး တိုးနှုန်း တဟုန်ထိုး ရှိခဲ့ပြီး ပြန်နှေးလာနေတဲ့ တရုတ်နိုင်ငံ ဆိုရင် ဆက်ပြီး နှေးနေလိမ့် ဦးမယ်လို့ ဆိုပါတယ်။
![]() |
စီးပွားရေး တိုးနှုန်း တဟုန်ထိုး ရှိခဲ့ပြီး ပြန်နှေးလာနေတဲ့ တရုတ်နိုင်ငံ |
ယူရိုငွေကြေးသုံးတဲ့ ယူရိုဇုံကို ကြည့်ရင်လည်း ဘဏ်တွေ အနေနဲ့ ယူရိုနိုင်ငံတွေ စီးပွားရေး တိုးနှုန်း ဆက်နှေး နေဦးမယ်လို့ ယူဆ နေကြပေမယ့်လည်း အရင် ခန့်မှန်း ထားသလောက် ဆိုးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်ထဲမှာ အနာဂတ် အရေး၊ ရေရှည် အရေးတွေပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတာကိုတော့ အထင်အရှား တွေ့နေရပါတယ်။
ကမ္ဘာ့ ကုန်ထုတ် စွမ်းအားတွေ တိုးတက်မှု မရှိ ဖြစ်နေတာ နှစ်ကာလ တာရှည် ခဲ့ပြီး ဖြစ်သလို၊ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်း နေတာတွေက အဓိက ပြဿနာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဘဏ် ဥက္ကဌ သတိပေးတဲ့ အထဲ ကမ္ဘာ့ကုန်ထုတ် အင်အားစုဟာ အသက်အရွယ် ကြီးရင့် နေတယ် ဆိုတဲ့ အချက်လည်း ထူးထူးခြားခြား ပါဝင် နေပါတယ်။
ကုန်ထုတ်စွမ်းအားတွေ ပိုပြီး မြင့်တက် လာဖို့ ဆိုရင် ၊ နုပျိုပြီး ပညာအပေါ် အခြေခံတဲ့ ကုန်ထုတ် အင်အားစုတွေ ဖြစ်ဖို့ လိုအပ်သလို၊ ပိုပြီး ကောင်းမွန်တဲ့ အခြေခံ အဆောက်အဦတွေ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ် ယောင် ကင်မ်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ တိုးတက်နိုင်စွမ်း ဆက်တိုက် ဆိုသလို အားနည်း နေခဲ့တာကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တို့လို ငွေကြေး အဖွဲ့အစည်းတွေက အခုနှစ်ပိုင်းတွေမှာ ထောက်ပြ သတိပေးနေခဲ့ကြပြီး၊ ဒီနှစ်စ မှာတော့ စီးပွားရေး တိုးနှုန်း မျှော်လင့်ထားခဲ့တာတွေထက် ပိုပြီး ကောင်းလိမ့်မယ် ဆိုပြီး ပြောလာ နိုင်တာ ဖြစ်ကြောင်းပါ ခင်ဗျား။
BBC Burmese
http://www.bbc.com/burmese
ကမ္ဘာ့စီးပွားတိုးနှုန်း ပိုအရှိန်မြင့်မယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း
Reviewed by THITHTOOLWIN
on
06:43
Rating:
