အဖြူ စီရင်သည့် သေဒဏ်ခံရသူ


ဇန်န၀ါရီ ၁၉

ပိန်ပိန်ပါးပါး အရိုးပေါ်အရည်တင် ဖြူဖပ်ဖြူရော်အသားအရေ ဖြစ်နေသည့် အမျိုးသမီးတစ်ဦးသည် ၎င်းတို့မိသားစုနေထိုင်ရာ မီးဖိုချောင်တွင် ခေါင်းကိုငိုက်ကာ ထိုင်နေသည်။

နေ့လည်ကျောင်းဆင်းမှပြန်လာသည့် အသက် (၆)နှစ်အရွယ် သူမ၏သားသည်၊ စကားလုံးတစ်ခွန်းချင်းစီကို အချိန်ယူပြီးပြောနေသော မိခင်ကိုကြည့်ရင်း ပဲပုပ်သုတ်ဖြင့် ထမင်းကိုအားပါးတရ စားသောက်နေသည်။

ယခင်က လှပသည့်ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်ခဲ့သည့် အသက်(၃၈)နှစ်အရွယ် ဒေါ်ရွယ်ရွယ်(အမည်လွဲ)သည် သူငယ်ချင်းများသုံးစွဲသည့် ဘိန်းဖြူ (နံပါတ်ဖိုး)ကို မြည်းစမ်းကြည့်ရာမှ စွဲလမ်းသွားပြီးနောက် ယခုအချိန်တွင် မူးယစ်ဆေးဝါးကပေးသည့် ဝေဒနာ ခံစားနေရခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲသွားပြီးနောက် ၎င်း၏အမျိုးသားဖြစ်သူနှင့်လည်း အိမ်ထောင်ကွဲသွားပြီး သူမသည် သားနှင့်အတူ မိဘအိမ်တွင်နေထိုင်လျှက် ရှိသူဖြစ်သည်။

သူမသည် မြစ်ကြီးနားမြို့၏ နောက်ဆုံးကျေးရွာအုပ်စုဖြစ်သည့် မြစ်ကြီးနား ဆွမ်ပရာဘွမ်းလမ်း၊ မလိခမြစ်ဘေးက တန်ယန်ဇွပ်ကျေးရွာအုပ်စုတွင် နေထိုင်သူ၊ ၆နှစ်သားကလေး၏ မိခင်ဖြစ်သည်။

“သူငယ်ချင်းတွေ (ဘိန်း)ရှူနေတာကို နေ့တိုင်းတွေ့နေတော့ ကျွန်မလည်း မင်းတို့ရှူသလို ငါလည်းရှူကြည့်ရအောင်ဆိုပြီး တောင်းတယ်။ နောက်နေ့ ပြန်တွေ့လည်း အဲလိုပဲတောင်းရှူတာ၊ အဲ့ကနေစပြီး အခုလိုဘဝဖြစ်သွားတာပဲ။”ဟုဒေါ်ရွယ်ရွယ်က စကားထစ်ထစ်ငေါ့ငေါ့ဖြင့် အားစိုက်ကာ တစ်လုံးချင်းစီ ပြောနေသည်။

“(ဘိန်း၏)အာနိသင် သိပြီးနောက် ကိုယ့်ဟာကိုယ် ဝယ်ရှူတော့တာပဲ။”ဟုဆက်ပြောသည်။

သူမသည်ဘိန်းဖြူကို ရှူသည်။ ထိုအာနိသင်ကို သိသွားပြီးနောက် ဘိန်းဖြူကိုရှူပြီးလျှင် ခံစားရသည့် အာနိသင်ကိုလည်း ဒေါ်ရွယ်ရွယ်က “(ဘိန်းဖြူ)ဆယ်ပေါက်လောက် ရှူပြီးပြီဆိုရင် ဘာမဆိုလုပ်ချင်လာတယ်။ superman မဟုတ်ရင်လည်း ဆန်အိတ်တောင် တစ်ယောက်ထဲ နှစ်အိတ်လောက် မနိုင်တယ်။”ဟု ရယ်လျှက်ပြောပြသည်။

ဒေါ်ရွယ်ရွယ်သည် လက်ရှိအချိန်၌ သူ ၂နှစ်တာ သုံးစွဲခဲ့သည့် မူးယစ်ဆေးဝါးကို ဖြတ်ပစ်ရန် ကြိုးစားနေသူလည်း ဖြစ်သည်။

“ကျွန်မမှာသားလေးရှိတယ်။ သားရှေ့ရေးအတွက်လည်း စိတ်ပူတယ်။ ဒါကြောင့် အခုကြိုးစားပြီး ပြတ်အောင်ကြိုးစားဖြတ်နေတယ်။”ဟုလည်း ဒေါ်ရွယ်ရွယ်ကဆိုသည်။

သူမသည် ယခုအချိန် မူးယစ်ဆေးဝါးအားဖြတ်ရန် ကြိုးစားနေသူဖြစ်သော်လည်း ၎င်းတို့ နေထိုင်ရာအနီးတွင် မူးယစ်ဆေးဝါးများ အလွယ်တကူရယူနိုင်သည့်အတွက် ပြတ်နိုင်ရန် ခက်ခဲနေကြောင်းလည်း ဆိုသည်။

“ဒီမှာ မူးယစ်ဆေးဝါး မရောင်းတာက နှစ်ဆိုင်ပဲရှိတယ်။ ဆိုင်တွေအကုန်ရောင်းတယ်။ မသိတဲ့သူတွေကိုတော့ မရောင်းဘူး။ သိတဲ့သူအတွက်တော့ ကုန်စိမ်းဝယ်သလိုပဲ။”ဟု ဒေါ်ရွယ်ရွယ်က လက်ရှိအချိန် တန်ယန်ဇွပ်ကျေးရွာ၏ မူးယစ်ဆေးဝါး ရောင်းဝယ်မှု အခြေအနေကိုပြောပြသည်။

သူမနေထိုင်ရာ တန်ယန်ဇွပ်ကျေးရွာသည် ယခင်ရွှေမှော်စည်းကား ကတည်းက မူးယစ်ဆေးဝါးများ စတင်ပေါများလာသည်မှာ ယခုအထိပင်ဖြစ်သည်။ တန်ယန်ဇွပ်ကျေးရွာသည် နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့သည့်ရွာဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာခံများအကုန်ထွက်ပြေးကာ ရွာပျက်ဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ပြန်လည်စုစည်းကာ နေထိုင်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ကြောင်း တန်ယန်ဇွပ်ဒေသခံဖြစ်သူ အသက် (၆၅)နှစ်အရွယ် ဦးအင်ဂန်ဂျာနော် ကဆိုသည်။
တန်ယန်ဇွပ်ကျေးရွာတွင် တပ်မတော်တပ်ရင်းတစ်ခု အမြဲတပ်စွဲထားသည့်နေရာဖြစ်သလို မလိခမြစ်၏ အရှေ့ဘက်ကမ်းတွင်မူ ကေအိုင်အေ တပ်စခန်းများ စခန်းချနေထိုင်သော နေရာလည်းဖြစ်သည်။

၂၀၀၀ ခုနှစ်မှစတင်ပြီး တရုတ်ရွှေဖောင်များနှင့်အတူ မူးယစ်ဆေးဝါးများလည်း တန်ယန်ဇွပ်ကျေးရွာသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်းလည်း ဆိုသည်။ ထိုအချိန်မှစတင်ပြီး ထိုကျေးရွာတွင် ကချင်မျိုးနွယ်စုများ သာမက တရုတ်၊ ရှမ်း၊ ရခိုင်၊ တအောင်း စသည့်လူမျိုးများလည်း နေထိုင်လာပြီဖြစ်ကြောင်း ဦးအင်ဂန်ဂျာနော်ကဆိုသည်။

“ဟိုအရင်ကတည်းက ဘိန်းမဲကိုအသက်ကြီးတဲ့သူတွေ ကိုယ်တိုင်စိုက်ပြီး ဆေးအနေနဲ့ သုံးတာတွေတော့ရှိတယ်။ ရောင်းဖို့မဟုတ်ဘူး။ အခုဘိန်းဖြူကိုက ၂၀၀၀ လောက်က စဝင်လာတာပဲ။ ၂၀၀၃ ဆို ဒီရွာမှာ မူးယစ်ဆေးဝါးကြောင့် လူတွေစသေနေပြီ။”ဟု ဦးအင်ဂန်ဂျာနော် ပြောပြသည်။

၂၀၀၃ ခုနှစ်မှစတင်ပြီး လက်ရှိအချိန်ထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူမှာ အယောက် (၁၀၀)ခန့်ရှိပြီဟု ခန့်မှန်းမိကြောင်း တန်ယန်ဇွပ်မှ ဆရာနော်ဒင့်ကဆိုသည်။

“မနှစ်ကသေတာတောင် ၈ယောက်လောက်ရှိတယ်။ တောမှာသွားသေတာလည်းရှိတယ်။ တစ်ချို့ကိုဆိုရင် ကြားတောင် မကြားလိုက်ဘူး။”ဟု ဆရာနော်ဒင့်ကဆိုသည်။

၁၉၆၀ ကျော်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ချိန်တွင် တန်ယန်ဇွပ်ဒေသတွင် နေထိုင်သည်မှာ တပ်မတော်၏ ပေါ်တာဆွဲခြင်းကို ကြောက်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ၊ မူးယစ်ဆေးဝါးအန္တရာယ်သည် ယခင်ကပေါ်တာဆွဲခြင်းထက် ပိုပြီးကြောက်နေရကြောင်း၊ ကြောက်ခြင်းကို နှိုင်းယှဉ်ပြောပြသည်။

ဒေါ်ရွယ်ရွယ်၏ အမေဖြစ်သူကလည်း တန်ယန်ဇွပ်တွင် မူးယစ်ဆေးဝါးကို လွတ်လွတ်လပ်လပ် ရောင်းဝယ်မှုလုပ်နေသည်ကို ပိတ်ပင်ပေးဖို့ မျှော်လင့်နေသည်။

“ကျွန်မကလေး ၅ယောက်မှာ သုံးယောက်က ဒီမူးယစ်ဆေးဝါးသုံးစွဲတယ်။ တစ်ယောက်က သေသွားပြီ။ သားကြီးကလည်း အခုချိန်ထိ တောမှာထင်းကောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေတုန်း။ မသောက်မစားဖို့ အမြဲတမ်းပြောတဲ့ကြားကနေ သောက်စားနေကြတယ်။ ဝမ်းလည်းအရမ်းဝမ်းနည်းတယ်”ဟု မိသားစု အခြေအနေကို ဒေါ်ရွယ်ရွယ်၏မိခင်က ပြောပြသည်။

ဒေသခံများ ၎င်းတို့ရွာတွင် မူးယစ်ဆေးဝါး ကင်းစင်သွားဖို့ မျှော်လင့်နေကြသလို သူတို့ကိုယ်တိုင်လည်း မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိကြောင်း ဒေသခံများကဆိုသည်။

“ရွာသားတွေ အားလုံးပေါင်းပြီး တိုက်ဖျက်သွားရအောင်ဆိုရင်လည်း ရောင်းတဲ့သူတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း အကုန်ဆက်နွယ်နေတော့ အားနာပြီး၊ ဘယ်သူမှ မလုပ်ရဲကြဘူး။”ဟု တန်ယန်ဇွပ် ဒေသခံတစ်ဦးကဆိုသည်။

စာသင်ကျောင်းနှင့် မူးယစ်ဆေးဝါး ရောင်းသည့်နေရာသည် အလွန်းနီးသည့်အတွက် ကျောင်းသားများအတွက် ဒေသခံများက စိုးရိမ်နေကြသည်။ ကျောင်းသားများလည်း နေ့စဉ်တွေ့မြင်နေပြီး၊ နောက်မူးယစ်ဆေးဝါးသုံးစွဲ တတ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ဒေါ်ရွယ်ရွယ်ကိုယ်တိုင် ယခုမူးယစ်ဆေးဝါးဖြတ်နေသော်လည်း ချက်ချင်းမဖြတ်နိုင်သေးသည့်အတွက် သူမ သုံးစွဲရန်ဘိန်းဖြူကို သူ၏သားဖြစ်သူ သူငယ်တန်းကျောင်းသားကို ဝယ်ယူခိုင်းကြောင်း ဒေါ်ရွယ်ရွယ်၏ အစ်မဖြစ်သူက ပြောသည်။

“နှစ်သားပဲရှိသေးတဲ့ ကလေးတွေ သူ့အမေဝယ်ခိုင်းလို့ ဒီမှာဘယ်ဆိုင်တွေမှာ ရောင်းတာလဲ အကုန်သိနေပြီ။ ကျွန်မတို့က ဒီကလေးကြီးလာရင် မူးယစ်ဆေးဝါး သုံးစွဲလာမှာကို စိုးရိမ်နေတယ်။”ဟု အစ်မဖြစ်သူက ဆိုသည်။
လက်ရှိအချိန်တွင် ဒေါ်ရွယ်ရွယ်သည် သားအတွက်စိုးရိမ်နေပြီဖြစ်သလို ယခင်လို မူးယစ်ဆေးဝါး မသုံးစွဲသေးတဲ့အချိန်ကလို မိသားစု စုံစုံလင်လင် ပျော်ရွှင်ခဲ့သည့်အချိန်များကိုလည်း သတိရနေသည်။

“ဒီမူးယစ်ဆေးဝါးကို မသုံးတတ်သေးတဲ့အချိန် တောင်ယာပဲလုပ်စားပြီး နေထိုင်ခဲ့တယ်။ အဲချိန်က အရမ်းပျော်ဖို့ ကောင်းတယ်။”ဟု မျက်နှာပေါ်ကျလာသည့် မျက်ရည်ကို သုတ်လျှက် ဒေါ်ရွယ်ရွယ်ကဆိုသည်။

ဒေါ်ရွယ်ရွယ်သည် သူမကိုယ်တိုင် မြည်းစမ်းကြည့်ရာမှ သုံးစွဲခဲ့သည့် မူးယစ်ဆေးဝါးကို မည်သူ့ကိုမှ မသုံးစွဲမိဖို့၊ ပြောပေးရန် သတင်းထောက်များနှင့် စကားပြောနေစဉ် အကြိမ်ကြိမ် ပြောနေခဲ့သည်။

“ကျွန်မလည်း အခုတော်တော်ကြိုးစားပြီး ဖြတ်နေရတော့ ရှူနေတဲ့သူတွေလည်း ဖြတ်နိုင်ကြပါစေ။ မရှူဖူးသေးတဲ့သူတွေလည်း လုံးဝမရှူမိကြပါနဲ့။”

ဒေါ်ရွယ်ရွယ်သည် ဇန်နဝါရီလ ၁၇ရက်နေ့တွင် သတင်းထောက်များနှင့် စကားပြောနေခဲ့သေးသော်လည်း ယခုဆောင်းပါး ရေးသားနေချိန် ဇန်နဝါရီလ ၁၈ရက်နေ့တွင် သေဆုံးသွားပြီဖြစ်သည်။

မရန်
Kachinwaves
https://www.facebook.com/kachinwavesnews
အဖြူ စီရင်သည့် သေဒဏ်ခံရသူ အဖြူ စီရင်သည့် သေဒဏ်ခံရသူ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.