ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်၊ ယုဝလမ်း အမှတ်(၁၈)ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်း မှုကြောင့် လူနေအိမ်ခန်း (၂၄)ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၂၄)စု၊ လူဦးရေ (၉၉)ဦးကို ကယ်ဆယ်ရေး ပြုလုပ်ခဲ့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်ဇော်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီမီးလောင်မှုဟာ ဇန်န၀ါရီ (၁၉)ရက် နေ့လယ်(၂)နာရီ မိနစ်(၅၀)ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level(3)ယာဉ်အုပ်စုနဲ့ ညနေ (၃)နာရီ မိနစ်(၂၀)ခန့်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
မီးစတင် လောင်ကျွမ်းခဲ့တာက အဲဒီမှာ အခန်းဝယ် ယူနေထိုင်တဲ့ ကိုဆန်းမင်း အိမ်ကနေ စတင်ခဲ့တာဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားနေစဉ်မှာ အခန်းပိုင်ရှင်မရှိဘဲ အခန်းကို သော့ပိတ် ထားခဲ့တယ်လို့သိရပါတယ်။
အိမ်ခန်းပေါင်း (၁၂)ခန်းစီပါတဲ့ အိမ်(၂)လုံး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး စုစုပေါင်း အိမ်ခန်းပေါင်း (၂၄)ခန်း မီးလောင် ဆုံးရှုံးခဲ့ကာ အမျိုးသမီး(၁)ဦး သတိလစ် မေ့မြောမှု ဖြစ်ပွားခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်ဇော်ကပြောပါတယ်။
လက်ရှိမှာတော့ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး မီးစတင် လောင်ကျွမ်းမှုကိုလည်း စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။
မီးဘေးသင့် မိသားစုဝင်တွေကိုတော့ သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်အတွင်းရှိ ဦးဖေသင်းလမ်း၊ ဂလိုရီ ပညာဒါနကျောင်းမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပေးထားပြီး မီးလောင်မှု ဖြစ်စဉ်ကြောင့် လူသေကြေ၊ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့လည်း သိရပါတယ်။ ဒီသတင်းကို Central News Bureau က သင်းသင်းဇော် ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:41
Rating:
