မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းဂူဘုရားစေတီများမှ နံရံဆေးရေးပန်းချီများ မကြာမီပျက်စီး ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေ


မိတ္ထီလာ ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ရှေးဟောင်းဘုရားစေတီများ တည်ရှိပြီး အများစုမှာ ဂူဘုရားများဖြစ်ကာ ဂူဘုရားများအတွင်း ရှိ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အနုပညာနံရံဆေးရေးပန်းချီ လက်ရာများမှာ ထိန်းသိမ်းစောင့်ရှောက်မှုမရှိသဖြင့် မကြာမီ ပျက်စီးပျောက်ကွယ်ရမည့် အ္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မုန်တိုင်ကျေးရွာတွင် ရှေးဟောင်းဘုရားစေတီများရှိသည့် နေရာမှာ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအနီး မုန်တိုင်အုတ်ကျောင်းနေရာတွင်တစ်စု၊ ကျေးရွာဈေးအနီးတွင် တစ်စု၊ ကျေးရွာ၏ အလယ်တွင်တစ်စု ၊ ကျေးရွာ၏ တောင်ဘက် တွင် တစ်စု အစုလေးစု ကွဲနေပြီး ရှေးဟောင်းနံရံဆေးရေး ပန်းချီလက်ရာများကို ကျေးရွာအနီးရှိ ဂူဘုရားစေတီများ၏ အတွင်းနံရံများတွင်တွေ့ရသည်။

 ရှေးဟောင်းနံရံဆေးရေးပန်းချီ လက်ရာများရှိသည့် မုန်တိုင်ဂူဘုရားစေတီများ၏ ပတ်ဝန်းကျင် တွင် မြို့ပေါ်ဒေသမှ လူကြီး လူငယ်များ၊ ရပ်ဝေးဒေသရောက် ဒေသခံများ နေ့စဉ်လာရောက်လည်ပတ်လေ့ရှိပြီး ယခုအခါ ၄င်းနေရာတွင် မုန့်ပဲသရေစာဆိုင်များ၊ ဈေးဆိုင်ကြီးငယ်များကို ကျေးရွာဒေသခံတချို့က ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

 အဆိုပါ ရှေးဟောင်းဂူဘုရားစေတီများနှင့် စေတီအတွင်းရှိ ဂူနံရံများမှ မြန်မာယဉ်ကျေးမှု ရှေးဟောင်းနံရံဆေးရေးပန်းချီ များမှာ ထိန်းသိမ်းစောင့်ရှောက်မှုမရှိသဖြင့် တစ်နေ့တခြား ယိုယွင်းမှေးမှိန်လာပြီး မကြာမီပျက်စီးပျောက်ကွယ်ရမည့် အ္တရာယ်နှင့် ကြုံတွေ့နေရသည်။ ယခင်က သက်ဆိုင်ရာဌာနမှ မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းဂူဘုရားစေတီများကို ပုဂံ ယဉ်ကျေးမှုဇုန်တစ်ခုအဖြစ် သတ်မှတ်စောင့်ရှောက်ထိန်းသိမ်းမှု ရှိခဲ့ပြီး ယဉ်ကျေးမှုဇုန်တစ်ခုအဖြစ် သတ်မှတ်ပြီး စောင့်ရှောက် ထိန်းသိမ်းခြင်းကြောင့် ၄င်းဘုရားစေတီများမှာ ယိုယွင်းပျက်စီးမှု နည်းပါးခဲ့သည်။

မုန်တိုင်ကျေးရွာတွင် တည်ရှိသည့် ရှေးဟောင်းဘုရားစေတီ များမှာ ကုန်းဘောင်ခေတ်ကတည်ထားသည့် ဘုရားစေတီများ ဖြစ်သည်ဟု လာရောက်လေ့လာသူများက မှတ်ယူကြပြီး အင်းဝ မြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းမှာ မိတ္ထီလာမုန်တိုင်ကျေးရွာရှိ အုတ်ကျောင်းအား ပုံစံတူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းဘုရားစေတီများအား စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ပြီး ခရီးသွားဒေသတစ်ခုအဖြစ် ဖော်ဆောင်ပါက မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလာပြီး ဒေသခံ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းဂူဘုရားစေတီများမှ နံရံဆေးရေးပန်းချီများ မကြာမီပျက်စီး ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေ မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းဂူဘုရားစေတီများမှ နံရံဆေးရေးပန်းချီများ မကြာမီပျက်စီး ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေ Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.