မွန်တစ်ပါတီပေါ်ထွန်းလာရေး ဆွေးနွေးမယ့် ညီလာခံ စတင်ကျင်းပ

မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သူ့ညီလာခံ ကျင်းပစဉ်/ Photo: Kyaw Lwin Oo/RFA
မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ မွန်ပြည်သူ့ညီလာခံ(မွန်နိုင်ငံရေးညီလာခံ)ကို ဒီနေ့ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ စတင်ကျင်းပခဲ့ပါတယ်။

ညီလာခံမှာ ရည်ရွယ်ချက်အတိုင်း မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာရေးနဲ့ ပါတီရဲ့ အင်္ဂါရပ်တွေဟာ ဘာတွေပါဝင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်သူ့ညီလာခံ ကျင်းပရေးကော် မတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးအောင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ မွန်တိုင်းရင်းသားတွေ၊ နိုင်ငံရပ်ခြားမှာရှိတဲ့ မွန်တွေ အပါအဝင် လူ ၈၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက လေ့လာသူအဖြစ် တက်ရောက်ခဲ့သလို မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်တွေကတော့ တက်ရောက်လာခြင်း မရှိပါဘူး။

မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူးလည်းဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ သစ်တောသယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကတော့ ဖိတ်ကြားချက်အရ တစ်သီးပုဂ္ဂလအနေနဲ့ တက်ရောက်တာ လို့ ပြောပါတယ်။

ဒီနေ့ ညီလာခံမှာ မွန်သံဃာတော်တွေအဖွဲ့၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း အစုအဖွဲ့၊ မွန်လူငယ်အဖွဲ့၊ မွန်အမျိုးသမီး အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့တွေ စတဲ့ အဖွဲ ၁၁ ဖွဲ့က စာတမ်းတွေဖတ်ကြားခဲ့ပြီး မွန်ကိုယ်စားပြုမယ့် နိုင်ငံရေး ပါတီဆိုတာ ဘယ်လိုပုံစံ၊ ဘယ်သူတွေပါမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မွန်တစ်ပါတီပေါ်ထွန်းလာရေး ဆွေးနွေးမယ့် ညီလာခံ စတင်ကျင်းပ မွန်တစ်ပါတီပေါ်ထွန်းလာရေး ဆွေးနွေးမယ့် ညီလာခံ စတင်ကျင်းပ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.