ယခင်ကြက်ပျောက်သည့် ကိစ္စနှင့် စကားများရာမှ လင်မယားနှစ်ယောက်အား ရဲဒင်းဖြင့် ခုတ်သတ်


နတ်တလင်း - ဇန္နဝါရီ၂၇ရက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အောင်ရတနာကျေးရွာအုပ်စု နွားတဲကုန်းရွာနေ ဦးစံရင် ၆၄နှစ်သည် ဇန္နဝါရီလ၂၆ရက်နေ့ နံနက် ၈နာရီခွဲ အချိန်တွင် နေအိမ်၌ရှိနေစဉ် နွားကျကုန်းတောင်ယာနေ ဦးတင်စိုးမှ သားဖြစ်သူ တင်မင်း ၃၃နှစ်နှင့် ချွေးမဖြစ်သူ မမြနွယ် ၃၄နှစ် နွားကျကုန်းတောင်ယာ ဆီဆုံကုန်းကျေးရွာအုပ်စု နေသူတို့မှာ ၎င်းတို့နေထိုင်ရာတဲအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှု ခဲ့ပါသည်။

သားဖြစ်သူ တင်မင်းမှာ တဲ၏အရှေ့ဘက် ပေ(၃၀)ခန့်အကွာတွင် နှာခေါင်းရိုးမှ ယာဘက်မျက်လုံးအထိနှင့် ယာဘက်မျက်ခုံးတို့တွင် ဒဏ်ရာတစ်ချက်စီရရှိပြီး ယာဘက်ဂျိုစောင်းနှင့် အောက်နှုတ်ခမ်းတို့တွင် ဒဏ်ရာနှစ်ချက်စီနှင့် ၎င်းချွေးမဖြစ်သူမမြနွယ်မှာ တဲ၏လှေကားနှင့် ၃ပေခန့်အကွာတွင် လည်ဂုတ်-ယာလက်ပြင်နှင့် လည်ဂုတ်မှကျောရိုးအထိ ဒဏ်ရာများ တစ်ချက်စီဖြင့် ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါ လူသတ်မှုအား တောင်ညိုရဲကင်းစခန်းသို့ တိုင်တန်းရာ စခန်းမှုးရဲအုပ်ကျော်မင်းသန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာဆီဆုံကုန်းအုပ်စု ခေါင်းထစ်တောယာနေ စန်းဦး ၅၂နှစ်နှင့် သားဖြစ်သူ ဘိုအောင်၂၅နှစ်တို့မှာဇန္နဝါရီလ၂၅ရက်နေ့ ည၇နာရီခန့်အချိန် တောင်ယာခုတ်၍ အရက်သောက်စားပြီး ပြန်လာရာ အပြန်လမ်းတွင် တင်မင်း တဲအနီး လှည်းလမ်းမှနေ၍ ဘိုအောင်က တင်မင်း လင်မယားအား ယခင်အချိန်က ကြက်ပျောက်သည့် ကိစ္စအတွက် စကားများခဲ့သည်ကို မကျေနပ်သဖြင့် စောင်းမြောင်းဆဲဆိုခြင်းအား ကြားရ၍ တင်မင်းလင်မယားနှင့် အပြန်အလှန် စကားများရန်ဖြစ်ပြီး စန်းဦးသားအဖမှ အသင့်ပါလာသော ရဲဒင်းဖြင့်ခုတ်သတ်ခဲ့ကြောင်း သေဆုံးသူတို့၏အတူနေ သမီးဖြစ်သူ မပန်းအိဖြူ(၉)နှစ်မှ ပြောပြ သိရှိရပါသည်။

ဦးတင်စိုးမှ သားနှင့်ချွေးမကို သတ်သွားသော စန်းဦးသား အဖအား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းရာ တောင်ညိုရဲကင်းစခန်းက အရေးယူဆောင်ရွက်ပြီး တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တင်မြင့် နတ်တလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယခင်ကြက်ပျောက်သည့် ကိစ္စနှင့် စကားများရာမှ လင်မယားနှစ်ယောက်အား ရဲဒင်းဖြင့် ခုတ်သတ် ယခင်ကြက်ပျောက်သည့် ကိစ္စနှင့် စကားများရာမှ လင်မယားနှစ်ယောက်အား ရဲဒင်းဖြင့် ခုတ်သတ် Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.