သမီးရည်းစားအချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

သမီးရည်းစားအချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်ခဲ့သူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၇

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ ည ၆ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ်၊ ဆန်းချီရပ်ကွက်တွင် သမီးရည်းစားချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ လူသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဒေါ်သန်းဌေး(၄၉)နှစ်အား ချွေးမဖြစ်သူ မညိုညို မှ တစ်အိမ်တည်း အတူနေ တူမဖြစ်သူ မဟေမာနှင်း(၂၃)နှစ်မှာ နေအိမ်အိပ်ခန်းအတွင်း သွေးများထွက်ကာ လဲကျနေ ကြောင်း ပြောပြခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မဟေမာနှင်း တွင် ထိုးသွင်း ဒဏ်ရာ များရရှိကာ လဲကျသေဆုံးနေပြီး အနီး၌ အရိုး(၄)လက်မ၊ အသွား(၃)လက်မခန့်ရှိ အိမ်သုံး စတီးဓားအပိုင်းပြတ် (၁)ခုတို့အား တွေ့ရှိရ၍ ထားဝယ်မြို့မရဲစခန်းသို့ စုံစမ်းဖော်ထုတ်ပေးရန် လာရောက်အမှုဖွင့်တိုင်ကြား ခဲ့သောကြောင့် ထားဝယ် မြို့မရဲစခန်း၌ (ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိခဲ့ပြီး တရားခံဖမ်းဆီးရမိရေးအတွက် တနင်္သာရီတိုင်းဒေသကြီးဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စံရွှေမောင် အနီးကပ်ကွပ်ကဲမှုဖြင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်များအရ နေအိမ်သို့ မကြာခဏလာရောက်တက်သည့် မဟေမာနှင်း ၏ ရည်စားဖြစ်သူ ရှမ္မလည်ဆွဲရပ်ကွက်နေ ရဲပိုင်ဦး(ခ)ရဲရဲ(၁၉)နှစ်အား မသင်္ကာဖွယ်ဖြစ်၍ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ရာ ၎င်းနှင့် မဟေမာနှင်းတို့ သမီးရည်းစား(၂)ဦး စကားများရန်ဖြစ်စဉ် အိမ်သုံးစတီးဓားဖြင့် ထိုးခဲ့ရာမှ ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ရဲပိုင်ဦး(ခ)ရဲရဲ အား ဥပဒေနှင့်အညီအရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်


သမီးရည်းစားအချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား သမီးရည်းစားအချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.