ပီရူး၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် ၂ ဦးသေ ၊ ၁၇ ဦးပျောက်ဆုံးနေ


လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ ၂ ဦးသေဆုံးကာ ငလျင်ဒဏ်ကြောင့် မိုင်းတွင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၈ မိနစ်တွင် မြေအောက်အနက် ၃၆ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပီရူးနိုင်ငံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒဏ်ရာရသူ ၆၅ ဦးရှိကြောင်း ရေးသားဖော်ပြထားသည်။


ငလျင်ဒဏ်ကြောင့် ပီရူးနိုင်ငံအရှေ့ ဘက်ကမ်းရိုးတမ်းမြို့ ဖြစ်သော ချာလာမြို့ (Chala) ရှိ မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး လူ ၁၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

နေအိမ်ပေါင်းများစွာ ငလျင်ဒဏ်သင့်ခဲ့ကြောင်း ၊ သေဆုံးသူ နှင့် ဒဏ်ရာရသူ ဦးရေမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း ပီရူးနိုင်ငံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ Jorge Chavez က ဆိုသည်။

ကြေးနီသတ္တုထုတ်လုပ်မှု ကမ္ဘာ့ ဒုတိယအများဆုံးနိုင်ငံဖြစ်သော ပီရူးနိုင်ငံ၌ သတ္တုတွင်းမိုင်း အရေအတွက်များစွာ ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည်။
ယခုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို ပီရူနိုင်ငံ၏ တောင်ပိုင်း နှင့် ထိစပ်လျက်ရှိသည့် ချီလီနိုင်ငံ မြောက်ပိုင်း ဒေသ၌ လည်း ခံစားခဲ့ရသည်။ ထိခိုက်ဒဏ်ရာရမှု ၊ အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ချီလီနိုင်ငံ အမျိုးသားအရေးပေါ်ကယ်ဆယ်ရေးရုံးက သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

(Xinhua)
China Xinhua News
ပီရူး၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် ၂ ဦးသေ ၊ ၁၇ ဦးပျောက်ဆုံးနေ ပီရူး၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် ၂ ဦးသေ ၊ ၁၇ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.