ငါးဖမ်းစက်လှေကို နင်းသွားသည့် သင်္ဘောကို ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်


ပေါက်တော၊ ဇန်နဝါရီ ၁၆ ရက်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ပေါက်တောမြို့နယ်အပိုင် မြေငူကျွန်းအနီး ပင်လယ်ပြင်တွင် ငါးဖမ်းနေသော စက်လှေနှစ်စီးကို ဝင်တိုက်သွားသည့် သင်္ဘောကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း ပေါက် တောမြို့မရဲစခန်းမှ သိရသည်။

ရေယာဉ် မဆင်မခြင် မောင်းနှင်သည့် ဥပဒေပုဒ်မ ၂၈၀၊ တစ်စုံတစ်ဦးကို ဒါဏ်ရာရ အနာတရဖြစ်စေသည့် ဥပဒေပုဒ်မ ၃၃၈၊ လူသေဆုံးမှုနှင့် ပတ်သတ်သည့် ဥပဒေပုဒ်မ ၃၀၄-က တို့ဖြင့် ပေါက်တောမြို့နယ် ဆင်တက်မော် ရဲစခန်းမှူး ရဲအုပ် ကျော်စိုးအောင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ပေါက်တောရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

“သင်္ဘောက ရန်ကုန်ကလာတာ စစ်တွေကို အဝင်မှာဒီလိုဖြစ်တာ။ “ထာဝရမေတ္တာ” ဆိုတဲ့သင်္ဘော။ ကုန်တင်သင်္ဘော လို့ပြောပါတယ်။ အမှုဖွင့်ပြီးတော့ စစ်ဆေးနေတယ်။ အမှုစစ်ကတော့ စစ်တွေမှာပါ။”ဟု ပေါက်တောမြို့မရဲစခန်းမှ ဂတ် စာရေး အောင်သန်းက RiA သို့ ပြောသည်။

ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာမှ နတ်စင်ရင်းကျေးရွာသို့ လာရောက်ကာ ငါးလုပ်ငန်းလုပ်ကိုင်သော ပိုင်ရှင် တစ်ဦးတည်းက ပိုင်ဆိုင်သည့် စက်တပ်လှေတစ်စီးနှင့် လှေတစ်စီးမှာ ပင်လယ်ပြင်တွင် ငါးဖမ်းရန် ရပ်နားနေစဉ် အဆိုပါ သင်္ဘောမှ ဝင်ရောက် တိုက်လိုက်ချိန်တွင် ကြိုးပြတ်သွားသောကြောင့် လှေမှာ လွတ်မြောက်သွားပြီး စက်တပ်လှေမှာ သင်္ဘောအောက်သို့ ပါသွားကြောင်း ငါးဖမ်းသမားများက ပြောသည်။

အဆိုပါသင်္ဘော၏ အမည်မှာ “ထာဝရမေတ္တာ” ဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ကုန်တင်ကာလာစဉ် ပဲ့နင်း၏ မဆင်မခြင် မောင်းနှင့်မှုကြောင့် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်တွေမြို့သို့အရောက်တွင် ငါးဖမ်းစက်လှေပေါ်ပါလာသူများကို စစ် ဆေးမှုပြုပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် စက်လှေပေါ်တွင်ပါသွားသည့် လူ ၅ ဦးသေဆုံးသွားပြီး အလောင်းများကိုမူ ယခုထက်တိုင် မရရှိ သေးကြောင်းနှင့် ပေါင်ကျိုးကာ ဆေးရုံတင်ထားရသည့် ဦးလှသန်းချေမှာ ယနေ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ် ကုသမှုခံရမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ငါးဖမ်းသမားများအပါအဝင် စက်လှေတစ်စီးနှင့် စက်လှေပေါ်တွင် တင်ဆောင်လာသည့် စက်နှင့် စသည့်ဆက်စပ် ပစ္စည်းမှာလည်း ဆုံးရှုံးနေကြောင်း သိရသည်။

By အောင်အောင်ထူး/RiA
https://www.facebook.com/RootAgency/
ငါးဖမ်းစက်လှေကို နင်းသွားသည့် သင်္ဘောကို ပုဒ်မ ၃ ခုဖြင့်အမှုဖွင့် ငါးဖမ်းစက်လှေကို နင်းသွားသည့် သင်္ဘောကို ပုဒ်မ ၃ ခုဖြင့်အမှုဖွင့် Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.