ဆယ်တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို သတ်သေရန်ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်


မုံရွာ၊ ဇန်န၀ါရီ ၁၇

အရာတော်မြို့နယ်မှ မုံရွာသို့ ဆယ်တန်းလာတက်သည့် ကျောင်းသူတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ၍ သတ်သေရန် ကြံစည်ခဲ့သဖြင့် အဆိုပါမိန်းကလေးကို အမှုဖွင့်ထားကြောင်း ဇန်န၀ါရီ ၁၇ ရက် ၄င်းအမှုအားစစ်ဆေးနေသည့် ရဲအရာရှိက ပြောသည်။

မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် ရှိ ၄င်းအမနေအိမ်အတွင်း ရှစ်ပေခန့် မြင့်သော ထုတ်တန်းကို သုံးပင်လိမ်နိုင်လွန်ကြိုး ချည်၍ လည်ပင်းစွပ်ပြီး တန်းလန်းဖြစ်နေစဉ် အမတော်စပ်သူ ရောက်လာကာ ဆေးရုံသို့ ပို့ဆောင်လိုက်သဖြင့် အသက်ကယ်လိုက်နိုင်ခြင်းဖြစ်သည် ဟုရဲတပ်ဖွဲ့က ဆိုသည်။

"ကျွန်တော်အခု အဲဒီအမှုနဲ့ပတ်သက်ပြီး မိန်းကလေးကို သွားစစ်မလို့ပြင်နေတယ်။ သူ့အမပြောပြချက်အရတော့ သိမ်ငယ်စိတ်ရှိတယ်လို့သိရတယ်။ အများနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် အမြဲအားငယ်နေတတ်တယ်။ ဖြစ်သွားတာက အခုသူကျောင်းလာတက်တဲ့ သူ့အမ အိမ်မှာပါ"ဟု ဒုရဲအုပ်အောင်နေစိုးက ပြောသည်။

၎င်းမိန်းကလေးအား မိမိကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့် ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ-၃၀၉ ဖြင့် အမှုရေးဖွင့်ထားပြီး ယင်းပုဒ်အရ "မည်သူမဆို မိမိကိုယ်ကို သတ်ရန်အားထုတ်၍ ထိုပြစ်မှုကို ကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှု တစ်ခု ပြုလျင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း"ဥပဒေက ပြဒါန်းထားသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/www.myasoe453
ဆယ်တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို သတ်သေရန်ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် ဆယ်တန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို သတ်သေရန်ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် Reviewed by THITHTOOLWIN on 10:16 Rating: 5
Powered by Blogger.