ဆေးလိပ်အရောင်းမြှင့်တင်ရေး အမျိုးသမီးဝန်ထမ်း ၄၁ ဦး အလုပ်ထုတ်ခံရ

ဆေးလိပ်အရောင်းမြှင့်တင်ရေး အမျိုးသမီးငယ် ၄၁ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ခြင်း ရပ်တန့်ရေး ကမ်ပိန်းပြုလုပ်
မန္တလေး ဇန်နဝါရီ ၂

Mevius ဆေးလိပ်ကုမ္ပဏီမှ ဆေးလိပ်အရောင်မြှင့်တင်ရေး အမျိုးသမီးငယ်များကို အကြောင်း မဲ့ အလုပ်ထုတ်ခြင်း၊ လုပ်ငန်းခွင်ဖိနှိပ်မှုများဆိုင်ရာ ရပ်တန့်ရေး ကမ်ပိန်းလှုပ်ရှားမှု မန္တလေးမြို့တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်တွင် Mevius ဆေးလိပ်ကုမ္ပဏီမှ အလုပ်ထုတ်ခံရသည့် အမျိုးသမီးဝန်ထမ်းများက ဆေးလိပ်မယ်များအား ထိကပါးရိကပါးမလုပ်ရန်၊ အလုပ်သမားဥပဒေအရ ခံစားခွင့်ပေးရန်၊ အကြောင်း ပြချက်မရှိဘဲ အလုပ်မှထုတ်ပယ်ခြင်း ရပ်တန့်ရေး၊ လုပ်ငန်းခွင် ဖိနှိပ်မှုများ ရပ်တန့်ပေးရန်၊ လိင်အကြမ်း ဖက်မှုမှ ကာကွယ်ပေးရန်၊ ဆေးလိပ်ကုမ္ပဏီများအား ဥပဒေနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ ဝင်ရောက် စစ်ဆေးပေးရန် စသည့် စာရွက်များကိုင်ဆောင်ကာ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

“ညီမတို့နေရာမှာ အစားထိုးဖို့ အေဂျင်စီကနေ အသစ်တွေ ခေါ်ထားတယ်လို့ကြားတယ်။ ညီမတို့မှာ အပြစ်လည်းမရှိဘူး၊ လုပ်ငန်းပေါ့လျော့လို့လည်း မဟုတ်ဘူး။ ညီမတို့ ဝန်ထမ်း ၇၁ ယောက်မှာ ၄၁ ယောက်ကို ဒီဇင်ဘာလ ၃၁ ရက်က အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခဲ့တယ်”ဟု အလုပ်ထုတ်ခံရသည့် မဝေမာလွင်က ပြောကြားခဲ့သည်။


အလုပ်ထုတ်ခံရသည့် ဝန်ထမ်း ၄၁ ဦးအား အလုပ်ထုတ်မည့်အကြောင်း ကြိုတင်ပြောကြားမှု မရှိဘဲ လစာထုတ်မည့်နေ့ ရောက်သည့်အချိန်မှ စာရွက်ပေါ်တွင် လက်မှတ်ထိုးပြီးမှ လစာထုတ်ပေး မည်ဟု ပြောကြားခဲ့ခြင်း၊ ယင်းစာရွက်တွင် မည်သည့်အကြောင်းအရာ ရေးသားထားသည်ကိုမူ မသိရဘဲ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“အရင်က လစာထုတ်ရင် Team Leader နဲ့ အဖွဲ့လိုက်သွားရတာ။ အခုတစ်ယောက်ချင်း ခေါ်တယ်။ လက်မှတ်ထိုးခိုင်းတော့ စာရွက်ကြီးနဲ့အုပ်ထားတယ်။ အပေါ်ကစာတွေကို ဖတ်လို့မရဘူး။ ညီမကို လက်မှတ်ထိုးရင် လစာရမယ်ဆိုပြီးပြောတော့ လက်မှတ်ထိုးလိုက်တယ်။ နောက်ပြီးမှ သိလိုက်တာက လျော်ကြေးနေရာမှာ လက်မှတ်ထိုးလိုက်ရတယ်”ဟု အလုပ်ထုတ်ခံရသည့် မမျိုးမျိုးလွင်က ဆိုသည်။

အလုပ်ထုတ်နစ်နာကြေးတွင် လက်မှတ်ထိုးလိုက်ရသူ ၁၇ ဦးခန့်ရှိပြီး လက်မှတ်ထိုးမှသာလျှင် လစာရမည်ဖြစ်သောကြောင့် အချို့မှာ လစာမရရှိသေးကြောင်း၊ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများအား အလုပ်ထွက်စာ ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးရန် ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရသည်။

“Mevius ဆေးလိပ်ကုမ္ပဏီက ဝန်ထမ်း ၄၁ ဦးကို အလုပ်ထုတ်တဲ့ကိစ္စဟာ ဥပဒေနဲ့မညီပါဘူး။ အဲဒါကြောင့် ကမ်ပိန်းမှာ ဆေးလိပ်ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ ဝင်ရောက်စစ်ဆေးပေးဖို့၊ အမှန်တကယ် ဥပဒေနဲ့အညီ အလုပ်သမားအခွင့်အရေးတွေပေးလား၊ အလုပ်ချိန်များတာတွေလည်း တွေ့ရတယ်။ လိင်အကြမ်းဖက်မှုတွေလည်းရှိတယ်”ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်က ပြောကြားခဲ့သည်။

ယခုလိုအလုပ်ထုတ်ခံရမှုအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ စာတင်သွားမည်ဟု သိရှိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဆေးလိပ်အရောင်းမြှင့်တင်ရေး အမျိုးသမီးဝန်ထမ်း ၄၁ ဦး အလုပ်ထုတ်ခံရ ဆေးလိပ်အရောင်းမြှင့်တင်ရေး အမျိုးသမီးဝန်ထမ်း ၄၁ ဦး အလုပ်ထုတ်ခံရ Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.