ဝမ်ပေါင်ကုမ္ပဏီကို တိုင်မယ့်သူတွေ တားဆီးခံရ

လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီက နော်အုန်းလှ ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်ေန့ကတွေ့ရစဉ်/ Photo: Thant Zin Oo/RFA
လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ လိုက်နာမှုမရှိကြောင်း တိုင်ကြားစာ ကို ပေးပို့ဖို့အတွက် လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီက အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာ လမ်းမှာရှိတဲ့ တရုတ်သံရုံးကို သွားရောက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က တားဆီးတာကို ခံလိုက်ရပါတယ်။

အဲဒီတိုင်ကြားစာကို တရုတ်သံရုံးကတဆင့် တရုတ်သမ္မတဆီ ရောက်တဲ့အထိ နည်းလမ်းမျိုးစုံသုံးပြီး ပေးပို့သွားမယ် လို့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက နော်အုန်းလှက ပြောပါတယ်။

လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အဖွဲ့ဝင် ၂၀ လောက်ဟာ မြို့တော်ခန်းမရှေ့ ကနေ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံနဲ့ ဒဂုံမြို့နယ်တွေကို ဖြတ်သန်းလမ်းလျှောက်ပြီး တရုတ်သံရုံးကို တိုင်ကြားစာ သွားပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့က တရုတ်သံရုံးရှေ့က ပြည်ထောင်စုရိပ်သာလမ်းကို သံဆူးကြိုးတွေနဲ့ ကာရံပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သံရုံးကိုစာပေးပို့မယ်ဆိုရင် နိုင်ငံခြားရေးဌာနကတဆင့် ပေးဖို့ပြောဆိုတဲ့အတွက် တရုတ်သံရုံးရှေ့ထိ မရောက်ခဲ့သလို တိုင်ကြားစာလည်း ပေးပို့နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို  ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့က လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ နော်အုန်းလှ ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီက အကြိမ်ကြိမ်ပေးပို့နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇  ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကလည်း နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နေအိမ် နဲ့ တရုတ်ယာယီဆက်သွယ်ရေးရုံးတို့ထံ သွားရောက်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးမှုကြောင့် တွေ့ ခွင့်မရခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတဆင့်ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာပေးပို့ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ဒေသခံတွေရဲ့လူမှုဘဝတွေ နစ်နာလို့ဆိုပြီး လက်ပန်းတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးဖို့ တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝမ်ပေါင်ကုမ္ပဏီကို တိုင်မယ့်သူတွေ တားဆီးခံရ ဝမ်ပေါင်ကုမ္ပဏီကို တိုင်မယ့်သူတွေ တားဆီးခံရ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.