ငှက်ဆိုး (ခ) မိန်ကောင်ပေါက် သုံးကောင်ကို ကျွန်းလှမြို့မှာ တွေ့ မူလအသိုက်ထဲကို ပြန်လည်ထားရှိ


မျိုးသုဉ်းတော့မယ့်တောရိုင်းတိရစ္ဆာန်စာရင်းဝင် ငှက်ဆိုးလို့ခေါ်တဲ့ မိန်ကောင်ပေါက် (၃)ကောင်ကို ကျွန်းလှမြို့နယ် တောထဲမှာ တွေ့ရှိခဲ့ပါတယ်။ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ဗြုန်းချောင်းတံတား အနောက်ဘက်က သက္ကယ်တောထဲမှာ ဇန်န၀ါရီလ (၁၅)ရက်က တွေ့ရှိခဲ့တာပါ။ တောင်သူတစ်ဦးက အဲဒီမိန်ကောင်လေးတွေကို သူတို့ရဲ့အသိုက်ထဲကနေ စတွေ့ခဲ့ပြီး တောင်ပံအမွှေးတွေမဖွံ့ဖြိုးသေးတဲ့ ရက်သားအရွယ်လောက်သာရှိသေးတယ်လို့ သိရပါတယ်။


တွေ့ရှိခဲ့တဲ့ အဲဒီမိန်ကောင်မျိုးဟာ (၁၉၉၄)ခုတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၅(က)အရ မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းမယ့်အန္တရာယ်မှ ကာကွယ်ရမယ့် တောရိုင်းတိရစ္ဆာန်များစာရင်းမှာ လုံးဝကာကွယ်ထားတဲ့ ငှက်စာရင်းဝင်ဖြစ်တယ်လို့ သားငှက်ထိန်းသိမ်းရေးဌာနရဲ့ တွေ့ရှိချက်အရ သိရပါတယ်။


 အရင်က တောကောင်တွေတွေ့ရင် ဖမ်းပြီး သတ်စားကြတာ များပေမယ့် အခုနောက်ပိုင်းမှာ တောကောင်တွေ့ရင် ထိန်းသိမ်းရမယ် ဆိုတာပြည်သူတွေက သိလာကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။ လက်ရှိမှာလည်း ဖမ်းမိထားတဲ့ မိန်ကောင်ပေါက် (၃)ကောင်ကို မူရင်းအသိုက်ကို ပြန်လည်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း - မျိုးဝင်းထွန်း(မုံရွာ)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews/
ငှက်ဆိုး (ခ) မိန်ကောင်ပေါက် သုံးကောင်ကို ကျွန်းလှမြို့မှာ တွေ့ မူလအသိုက်ထဲကို ပြန်လည်ထားရှိ ငှက်ဆိုး (ခ) မိန်ကောင်ပေါက် သုံးကောင်ကို ကျွန်းလှမြို့မှာ တွေ့  မူလအသိုက်ထဲကို ပြန်လည်ထားရှိ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.