ပြည်ထဲရေးကို တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြော

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားမှုတွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက် ချက်တွေအပေါ် တိုင်ကြားမှု အများဆုံးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး ဒီနေ့ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ဒေါ်လဲ့လဲ့သွင်က ပြောခဲ့တာဖြစ်ပါတယ်။

စာတမ်းဖတ်ပွဲကို လာမယ့် ဇန်န၀ါရီလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တို့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးပညာရှင် ဦးမြင့်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်မှာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြဌာန်းခဲ့ပြီး စတုတ္ထအကြိမ် ပြင်ဆင်မယ့် ဥပဒေကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ မကြာခင်တင်ပြသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

စတုတ္ထအကြိမ် ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ အဂတိလိုက်စားတာကို အားပေးသူ၊ ကူညီသူတွေကိုပါ အရေးယူလို့ ရအောင် ပြင်ဆင်မှာဖြစ်သလို ဥပဒေခိုင်မာဖို့နဲ့ ကော်မရှင် အလုပ်လုပ်လို့ရအောင်လည်း ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသစ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်ထဲရေးကို တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြော ပြည်ထဲရေးကို တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြော Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.