ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် မြောက်ဦးမှာ ဆန္ဒပြသူ ၇ ဦးသေဆုံး

၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ညက ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကျင်းပစဉ်/ Photo: Hay Man Oo
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေကပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေက ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ကြရမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်နှိမ်နင်း ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦးသေနတ်ကျည် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့လူ ၁၂ ဦးထဲက ၈ ဦးကို မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ စစ်တွေဆေးရုံကိုပို့ထားရတယ်လို့ မြောက်ဦးဆေးရုံကို ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားပါတီ(ANP)ဒုတိယ ဥက္ကဌ ဦးခိုင်ပြည်စိုး ကပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း သေဆုံး၊ ဒဏ်ရာရစာရင်းကို အတည်ပြုပြီး ဆန္ဒပြသူတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဆီက လက်နက်ဝင်လုတဲ့အတွက် အခုလို သေနတ်နဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မနေ့ညမှာ မြောက်ဦးမြို့ နန်တော်ရာကုန်းမှာ ဟောပြောပွဲနဲ့ ပြဇာတ်အစီအစဉ်တွေနဲ့ကျင်းပဖို့ မြို့ခံတွေကစီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခမ်းအနားကျင်းပမယ့် မြောက်ဦးနန်းတော်ကုန်းဟာ ရှေးဟောင်းအမွေအနှစ် နေရာတစ်ခု ဖြစ်တဲ့အတွက် ရှေးဟောင်းဌာနနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးက အဲဒီနေရာမှာကျင်းပခွင့်ကို တားမြစ်ခဲ့ပြီး ကျင်းပရေးကော်မတီကလည်း အခမ်းအနားကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတားမြစ်ပိတ်ပင်တာကို မကျေနပ်တဲ့  မြို့ခံတွေက နန်းတော်ရာကုန်းကနေတစ်ဆင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့ကို အုပ်စုလိုက်ချီတက်ဆန္ဒပြခဲ့ကြသလို ခဲတွေနဲ့လှမ်းပစ်ခဲ့ကြတာကြောင့် ရဲက လူအုပ်ကြားထဲကို သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့လူ ၇ ဦးဟာ မြို့ပေါ်ရပ်ကွက်ကအများဆုံးပါဝင်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့နေ့လည်ပိုင်းမှာ မြောက်ဦးဆေးရုံကိုလာရောက်ကြည့်ရှုတဲ့ လူ ၃၀၀ ကျော်လောက်ရှိနေပြီး ရဲတပ်ဖွဲ့က လုံခြုံရေးကို တင်းကျပ်ထားတယ်လို့လည်း မျက်မြင်တွေကပြောပါတယ်။

ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မြောက်ဦးမြို့ ရှေးဟောင်းနန်းတော်ရာကုန်းမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပြီး နှစ်စဉ်ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် မြောက်ဦးမှာ ဆန္ဒပြသူ ၇ ဦးသေဆုံး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် မြောက်ဦးမှာ ဆန္ဒပြသူ ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.