အမိန့်ကြေညာစာအတုတွေကို ဖြန့်ဝေတာတွေ မလုပ်ဖို့ ဦးဇော်ဌေး ပြော

State Counsellor Office Information Committee ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ အမိန့်ကြေညာစာအတုကို တွေ့ရစဉ်/ Photo: State Counsellor Office Information Committee Facebook
နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာ ထုတ်ပြန်ခြင်းမရှိသေးတဲ့အချိန်မှာ အမိန့်ကြေညာစာအတုတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြတာတွေ၊ ထပ်ဆင့်ဖြန့်ဝေတာတွေ မလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ဟာ မိမိသဘောဆန္ဒအလျောက် ဝန်ကြီးချုပ်ရာထူးတွေကနေ နှုတ်ထွက်ကြောင်း တင်ပြချက်ကို သမ္မတ ဦးထင်ကျော်က ခွင့်ပြုလိုက်တယ်ဆိုတဲ့ အမိန့်ကြေညာချက်တွေ ဒီနေ့ရက်စွဲနဲ့ State Counsellor Office Information Committee page မှာ တင်ထားတာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက လက်ရှိအချိန်မှာ နိုင်ငံတော်သမ္မတရုံး အမိန့်ကြေညာစာ တစ်ခုမှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

တရားဝင် ထုတ်ပြန်ရင် နိုင်ငံပိုင်မီဒီယာတွေနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေကနေ ထုတ်ပြန်သွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။

Page အတုနဲ့ ပတ်သက်ပြီး Facebook ကို ဆက်သွယ်ဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။ ဝန်ကြီးချုပ်နှစ်ဦး နှုတ်ထွက်စာတင်ထားတာ မဟုတ်ကြောင်း ငြင်းဆိုထားခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်မယ်ဆိုတာကို ပြည်ထောင်စုအစိုးရအဖွဲ့က ပါတီထံ အကြောင်းကြားထား တယ်ဆိုပြီး ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားမှုတွေ ရှိနေပါတယ်။

ဦးဥာဏ်ဝင်း အပါအဝင် NLD ပြန်ကြားရေးတာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိခဲ့ပါဘူး။

NLD ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ ဒေါက်တာ မျိုးညွန့် ကတော့ သတင်းတွေ ထွက်ပေါ်နေတာကို ကြားသိနေရတာပဲ ရှိသေးကြောင်း၊ တရားဝင်ထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အမိန့်ကြေညာစာအတုတွေကို ဖြန့်ဝေတာတွေ မလုပ်ဖို့ ဦးဇော်ဌေး ပြော အမိန့်ကြေညာစာအတုတွေကို ဖြန့်ဝေတာတွေ မလုပ်ဖို့ ဦးဇော်ဌေး ပြော Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.