ဘင်္ဂလီများ ကမန်လူမျိုးမဖြစ်ရေး ရမ်းဗြဲမြို့ပေါ်သို့ ကျောက်နီမော်ဒေသခံများ တက်ရောက်တောင်းဆိုဆန္ဒပြ


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၂

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ကျောက်နီမော် ဒေသခံ ၅၀၀ ကျော်က ဘင်္ဂလီလူမျိုးများအား ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ မထုတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

“ အဓိက ဆန္ဒပြသူတွေ တောင်းဆိုတာက ရမ်းဗြဲကျောက်နီမော်မှာ နေထိုင်တဲ့ ဘင်္ဂလီကုလား တွေကို ကမန်မဖြစ်ရေးတောင်းဆို ဆန္ဒပြကြတာပါ” ဟု ရမ်းဗြဲအမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


ဆန္ဒပြသူများသည် ကျောက်နီမော်နှင့် ဟုန်းတိုက်နယ်မှ ဖြစ်ကြပြီး ဘင်္ဂလီဟာ၊ ဘင်္ဂလီ။ ကမန်ဟာ ကမန်။ ဘင်္ဂလီများ ကမန်မဖြစ်ရေး ဒို့အရေးဟုဆိုကာ မြို့ကို ပတ်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“ အခု ရမ်းဗြဲကျောက်နီမော်မှာ ကမန်ရှိတာက ၁၀၀ အောက်ဘဲ ရှိတယ်။ ကမန်အမည်နဲ့ နိုင်ငံသားလျှောက်ထားတဲ့ အမှုတွဲက ၁၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ မနေ့က ကျွန်တော်သွားရောက်ပြီး လေ့လာတော့လည်း ဒါမျိုးတွေ တွေ့ခဲ့ရတယ်။ လူကြီးတွေနဲ့ တွေ့တော့လည်း ဒီလို မျိုးဖြစ်နေတာတွေကို ပြောပြကြပါတယ်” ဟု ဦးသန်းမောင်ဦးကဆိုသည်။

လက်ရှိအချိန်တွင် နေပြည်တော်မှ လ၀က အရာရှိကြီးများသည် ကျောက်နီမော်သို့ ရောက်ရှိနေပြီး ကျောက်နီမော်ကျေးရွာရှိ မူဆလင်များအား နိုင်ငံသား အသိအမှတ်ပြုရန် အမှုတွဲများ ပြုလုပ်ပြီး စိစစ်မှုများ ပြုလုပ်နေကြောင်း သူက ပြောဆိုသည်။

ဆန္ဒပြသူ ၅၀၀ ကျော်ခန့်သည် နေ့လယ် ၁၂ နာရီမှ ၁ နာရီထိ မြို့ကို ပတ်ကာ ပိုစတာများ အသီးသီးကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး လ၀ကဘက်မှ သဘောထားကို သိရှိနိုင်ရန် ရမ်းဗြဲမြို့နယ် လက၀ ဦးစီးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလီများ ကမန်လူမျိုးမဖြစ်ရေး ရမ်းဗြဲမြို့ပေါ်သို့ ကျောက်နီမော်ဒေသခံများ တက်ရောက်တောင်းဆိုဆန္ဒပြ ဘင်္ဂလီများ ကမန်လူမျိုးမဖြစ်ရေး ရမ်းဗြဲမြို့ပေါ်သို့ ကျောက်နီမော်ဒေသခံများ တက်ရောက်တောင်းဆိုဆန္ဒပြ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.