![]() |
သတင်း- ခွန်ဆာ ၊ ဓာတ်ပုံ( အိမ်တော်ထင်းရှုးတောအတွင်း အရက်၊ဘီယာသောက်သုံးပြီး ပုလင်းများရိုက်ခွဲထားပုံ ) |
တောင်ကြီးမြို့မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်၊ဘီယာ မသောက်သုံးဖို့ကို တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကနေ ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဇန်န၀ါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဒီအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ တားမြစ်ချက်ကို ဖောက်ဖျက်တဲ့ မည်သူ့ကိုမဆို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့အရေးယူသွားမယ်လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တောင်ကြီးမြို့ရှိ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ ပန်းခြံ၊ အားကစားကွင်း၊၊ ကျောင်း၊ ဆေးရုံ ၊ ဘာသာရေးဆိုင်ရာအဆောက်အဦ အနီးပတ်ဝန်းကျင်နေရာတွေမှာ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကား ရန်ဖြစ်ခြင်းတို့ မဖြစ်ပေါ်စေဖို့ တားမြစ်ချက် ဒေသန္တရ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း တောင်ကြီးမြို့နယ် ထွေအုပ်ရုံးမှ သတင်းရရှိပါတယ်။
အရက်ဘီယာ မသောက်သုံးဖို့ထုတ်ပြန်ခဲ့တဲ့နေရာတွေကတော့ တောင်ကြီးမြို့ အဝေယာမီးပုံးပျံကွင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ဗိုလ်ချုပ်လမ်း၊ မြကန်သာ လမ်းကြား၊ ရေအေးကွင်းရပ်ကွက် ကေမန်ကေ စတိုးအနီး၊ အောက်မေ့ဖွယ် ဓမ္မာရုံလမ်းသွယ်၊ မြင်းရုပ်ပရ၀ဏ်၊ အောက်ပန်းခြံ၊ ကြိုးတံတားအနီး၊ အိမ်တော်ထင်းရှုးတော ၊ တောင်ကြီးဂေါက်ကလပ်နဲ့ စူဠာမုနိစေတီအနီး ၊ မြစိမ်းတောင်တက်လမ်း နဲ့ ကံကြီးရပ်ကွက် ဖူဆယ်ကွင်းအနီး အစရှိတဲ့နေရာတွေ ပါဝင်ပါတယ်။
တောင်ကြီးမြို့မှာ ဗိုလ်ချုပ်ပန်းခြံအနီးနဲ့ အိမ်တော် ထင်းရှုးတောအတွင်းမှာ ညနက်အချိန် အုပ်စုဖွဲ့ အရက်သောက်စားတာတွေ၊ အုပ်စုဖွဲ့ရန်ဖြစ်တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း တောင်ကြီးဒေသခံ အချို့ကဆိုပါတယ်။
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့တွင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်၊ ဘီယာ မသောက်ဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်
Reviewed by THITHTOOLWIN
on
18:35
Rating:
