သပိတ်ကျင်းမြို့နယ်၌ ယမ်းချက်ရာမှ ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

ဓါတ်ပုံ - ပြည်ထဲရေး
မန္တ​လေးတိုင်း​ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအနီး ရွှေသတ္တုတူးဖော်ထုတ်လုပ်သော မွန်ကြည်ဖြူ ကုမ္ပဏီဝင်းအတွင်း ဇန်နဝါရီလ ၁၂ ရက်နေ့ က ယမ်းချက်ရာမှ ပေါက်ကွဲမှုဖြစ်ပွား​သော​ကြောင့်​ လူ ၂ ဦး ​သေဆုံးခဲ့ကြောင်း သတင်းရရှိသည်​။

သတင်းအရ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက် စစ်ဆေးရာ မွန်ကြည်ဖြူကုမ္ပဏီ၊ ကုမ္ပဏီလုပ်ကွက် အမှတ်(TPK-203)ဝင်းအနီး၌ ရောင်စဉ်နှင့် မင်းမော်တို့ ၂ ဦးအား လုပ်ကွက်တာဝန်ခံ ကိုတူးမှ ကျောက်မိုင်းခွဲရန် ချက်ယမ်း ၁ ပိဿာခန့်အား ပြန်လည်ချက်လုပ်ခိုင်းသဖြင့် ရောင်စဉ်ပါ ၂ ဦးက ယမ်းချက်စဉ် မီးလောင်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရောင်စင် ပါ၂ဦးတွင် ဝမ်းဗိုက်ပွင့်၊ ဝဲ/ယာလက်ပြတ်၊ ယာခြေမီးလောင်၊ခန္ဓာကိုယ်အသားစများ လွင့်စင်သေဆုံးခဲ့သဖြင့် အလောင်းများအား သပိတ်ကျင်း ဆေးရုံသို့ပို့အပ်ခဲ့ပြီး ယမ်းချက်ခိုင်းသူ ကိုတူး (ဖမ်းမမိ)အား သပိတ်ကျင်းမြို့မရဲစခန်း (ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၀၄-က(ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းအား ပေါ့လျော့စွာ ကိုင်တွယ်အသုံးပြုမှု/ပေါ့လျော့မှုကြောင့် လူသေစေမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

မွန်ကြည်ဖြူကုမ္ပဏီသည်​၂၀၁၇ ဇန်နဝါရီလ ၂၈ ရက်​နေ့မှ ၂၀၁၈ ဇန်နဝါရီ ၂၇ ရက်​နေ့အထိ ကုမ္ပဏီသက်တမ်းရှိပြီး သက်တမ်းကာလအတွင်း ယမ်း ၈ တန်ခန့် သုံးစွဲခွင့်ရှိကြောင်း သိရသည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
သပိတ်ကျင်းမြို့နယ်၌ ယမ်းချက်ရာမှ ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး သပိတ်ကျင်းမြို့နယ်၌ ယမ်းချက်ရာမှ ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.