တိုက်ပွဲများ ပြင်းထန် နေသောကြောင့် တိန်ကောက်ရွာသားများစိုးရိမ် နေရ

ဓါတ်ပုံ - Hkanghkyi Naw (facebook)
ဟူးကောင်းချိုင့်ဝှမ်းဒေသ တိန်ကောက်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်လာသည့်အတွက် ရွာသားများ ကြောက်ရွံ့နေကြရသည်ဟု သိရသည်။

တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့သည် တိန်ကောက်ကျေးရွာအနီး ၄ ဖာလုံခန့်အကွာအဝေးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တိန်ကောက်ရွာအတွင်းသို့ အထက်ပါအတိုင်း လက်နက်ကြီးများ ကျရောက်လာခြင်းဖြစ်သည်။

တိန်ကောက်ကျေးရွာအတွင်းသို့ ကျရောက်လာသည့် လက်နက်ကြီးများသည် တပ်မတော်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးများဖြစ်ကြောင်း ရွာသားများ၏ ပြောကြားချက်အရ သိရသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ ယနေ့ ညနေ ၅ နာရီခန့်တွင် တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့အကြား ၁၅ မိနစ်ခန့်ကြာမြင့်သည့် တိုက်ပွဲ ဖြစ်ပွား ပြီးနောက် တပ်မတော်က လက်နက်ကြီးများနှင့် အကြိမ်ကြိမ်ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

"အခုအရမ်းစိုးရိမ်နေတယ်။ လက်နက်တွေက ရွာအတွင်းမှာ ပစ်နေလို့ အရမ်းကြောက်ပြီး ဝပ်နေကြရတယ်။ ထမင်းတောင် မစားတတ်တော့ဘူး။ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ခြင်းလုံးခတ်တဲ့သူကခတ်ပြီး နေနေကြ တာလေ။ တိုက်ပွဲတွေ ဖြစ်လာပြီး လက်နက်ကြီးတွေ ပစ်လာတော့ အရမ်းကြောက်နေကြတယ်။ အခုလည်း သေနတ်တွေပစ်နေတဲ့ အသံတွေ ကြားနေရတယ်။ အခုပစ်နေတဲ့နေရာတွေမှာလည်း ရွာသားတွေ ရှိတဲ့နေရာတွေဖြစ်တယ်။ အရမ်းစိုးရိမ်တယ် အပြင်လည်းမထွက်ရဲဘူး" ဟု တိန်ကောက်ရွာသား တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယနေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သက်ကယ်အိမ်များနှင့် နေထိုင်သည့် တိန်ကောက်ရွာမှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မိခင်များသည် အုတ်ဖြင့် ဆောက်လုပ်ထားသည့် ရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ဗုံးခိုနေကြရသည်ဟု သိရသည်။

တိန်ကောက်ကျေးရွာ အနီးတွင် ယမန်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရွာသားများက ရွာပြင်သို့ မထွက်ရဲဘဲဖြစ်နေကြရသည်ဟု သိရသည်။

လဖိုင်လု
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တိုက်ပွဲများ ပြင်းထန် နေသောကြောင့် တိန်ကောက်ရွာသားများစိုးရိမ် နေရ တိုက်ပွဲများ ပြင်းထန် နေသောကြောင့် တိန်ကောက်ရွာသားများစိုးရိမ် နေရ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.