ဆေးရုံအသွား ကားပေါ်တွင် မီးဖွား


မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်မိုးနတ်ကျေးရွာက ကိုယ်ဝန်ဆောင်တစ်ဦးကို မီးဖွားဖို့ကားငှားပြီး ကံမမြို့နယ် ကြို့ပင်တိုက်နယ်ဆေးရုံကိုသွားရာမှာ ဆရာဝန်မရှိလို့ အလှမ်းဝေးတဲ့ မြို့နယ်ဆေးရုံကို ပြန်လှည့်အလာမှာ ရွာထိပ်အရောက် ကားပေါ်မှာပဲမီးဖွားလိုက်ရတဲ့ဖြစ်စဉ်တစ်ခု ဇန်နဝါရီ(၅)ရက် ညနေ(၅)နာရီကဖြစ်ပွားခဲ့ပါတယ်။
 "ကြို့ပင်တိုက်နယ်ဆေးရုံဆရာဝန်က ကံမမြို့လွတ်လပ်ရေးပွဲမှာ Medical Cover သွားနေရလို့မရှိကြောင်း၊ ကိုယ့်မြို့ဆေးရုံကနီးတယ်ဆိုပြီး နောက်ကြောင်းပြန်လှည့်လာတာ ရွာထိပ်အရောက်မှာ ရပ်ပြီးမွေးလိုက်ရကြောင်း၊ မိုးနတ်ကျေးရွာနေ ဦးစိုးလှကပြောပါတယ်။ မင်းတုန်းဆေးရုံအုပ်ကြီးဆီကို လှမ်းသတင်းပို့တော့ အဆင်သင့်ပြင်ထားကြောင်း၊ ဒါပေမယ့် မိခင်အခြေအနေပြောင်းလာလို့ ကားပေါ်မှာပဲမွေးလိုက်ရတာ ကလေးက(၆)ပေါင် (၂)အောင်စရှိကြောင်း၊ လမ်းဘေးကားပေါ်နဲ့ ရေမြွှာပေါက်ချိန်ကြာတာတွေကြောင့် ရောဂါပိုးဝင်မှာစိုးလို့ မီးနေခန်းကို ဘယ်သူ့မျှပေးမဝင်ကြောင်း ကျန်းမာရေးဌာနခွဲက ဆရာမဒေါ်ခင်နှင်းဝေက ပြောပါတယ်။


ကလေးအဖေနဲ့ ကလေးမိခင်တို့ကတော့ သားဦးယောက်ျားလေးရလို့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အဲဒီမိုးနတ်ရွာကနေ မင်းတုန်းဆေးရုံကိုသွားရင် (၂၅)မိုင်ဝေးပြီး ကံမမြို့နယ်က ကြို့ပင်တိုက်နယ်ဆေးရုံကိုသွားရင် (၁၂)မိုင်ခန့်သာဝေးလို့ နီးရာကိုရွေးချယ်ကြတာလို့သိရပြီး မင်းတုန်းမြို့နယ်အတွင်း ရှိလမ်းများအားလုံး အလွန်ဆိုးရွားနေတယ်လို့ ယာဉ်မောင်းတွေက မှတ်ချက်ပြုဟြေဆိုနေကြတယ်လို့ သိရပါတယ်။ ဒီသတင်းကို အောင်ကျော်သူ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဆေးရုံအသွား ကားပေါ်တွင် မီးဖွား ဆေးရုံအသွား ကားပေါ်တွင် မီးဖွား Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.