ပြည်-တောင်ကုတ်ကားလမ်းတွင် ကျောက်သယ်ယာဉ်တစ်စီး ချောက်ထဲကျ၍ လူနှစ်ဦးသေဆုံးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်-တောင်ကုတ်ကားလမ်းပိုင်း နဝဒေးတံတားအနီး တောင်ကြောတွင် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ကျောက်သယ်ယာဉ်တစ်စီးချောက်ထဲထိုးကျရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပန်းတောင်းမြို့မ ရဲစခန်းမှ သိရှိရသည်။

ပြည်တောင်-ကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃ အကြား ရှုခင်းသာကုန်းအဆင်းတွင် သတင်းအရ ပန်းတောင်းမြို့ရဲတပ်ဖွဲ့၊ ယဉ်ထိန်းတပ်ဖွဲ့နှင့် အုပ်ရေးအဖွဲ့များမှ သွားရောက်စစ်ဆေးရာတွင် ချောက်ထဲ ထိုးကျ တိမ်းမှောက်နေသည့် TE Hino အစိမ်းရောင်ယာဉ်နှင့် သေဆုံးသူ (၂)ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"ကုန်းဆင်းကွေ့ချိုးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ထဲကို ထိုးကျသွားတာပါ။ သေဆုံးသူတွေက ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်ပါ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။"ဟု ပန်းတောင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။


သေဆုံးသူများမှာ ၃၇ နှစ်အရွယ် ယာဉ်မောင်း ကိုခင်မောင်စန်းနှင့် ၂၈ နှစ်အရွယ် ယာဉ်နောက်လိုက် ကိုညီညီအောင်တို့ဖြစ်ပြီး ၎င်းတို့ ရုပ်အလောင်းများကို ပန်းတောင်းဆးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
"ကားကပေ ၂၀ လောက်နက်တဲ့ ချောက်ထဲကို ပက်လက်လန် အနေအထားနဲ့ ကျနေတယ်။ ခေါင်းခန်းမှာ အမျိုးသားနှစ်ဦးစလုံးညပ်မိပြီး သေဆုံးနေတာတွေ့ရတယ်။ ရုပ်အလောင်းတစ်ခုကိုတော့ မီးသတ်တပ်ဖွဲ့က ဝမ်းနိုင်းဝမ်းယာဉ်နဲ့မှ ထုတ်ယူလို့ရတယ်။ ရုပ်အလောင်းတွေ ထုတ်ယူသယ်ဆောင်ရတာ အချိန်သုံးနာရီ လောက်ကြာတယ်။˝ဟု အဆိုပါနေရာသို့ သွားရောက် ကူညီမှုများပြုလုပ်ခဲ့သည့် မိုးမေတ္တာနားရေးကူညီမှု အသင်း ဥက္ကဌ ဦးမိုးကြီးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင် သေဆုံးသူ ယာဉ်မောင်း ကိုခင်မောင် စန်းအား ယာဉ်(ပ)၁/၂၀၁၈ ပုဒ် ၃၀၄(က)အရ အမှုဖွင့်အရေးယူမှုများပြုလုပ်ထားကြောင်း ပန်းတောင်းမြို့မ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်-တောင်ကုတ်ကားလမ်းတွင် ကျောက်သယ်ယာဉ်တစ်စီး ချောက်ထဲကျ၍ လူနှစ်ဦးသေဆုံးမှုဖြစ်ပွား ပြည်-တောင်ကုတ်ကားလမ်းတွင် ကျောက်သယ်ယာဉ်တစ်စီး ချောက်ထဲကျ၍ လူနှစ်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.