ဝင်ငွေ မလောက်လို့ သားသမီး ၁၃ ယောက်ကို ချုပ်နှောင် ပိတ်လှောင်ထား

ကလေး တွေကို သံကြိုးတွေ နဲ့ ချီနှောင် ထား
ကယ်လီဖိုးနီးယား ပြည်နယ်က ဒေးဗစ် အယ်လန် တာပင်း နဲ့ လူဝီး အန်း တာပင်း တို့ လင်မယား ဟာ သူတို့ ရဲ့ ကလေး ၁၃ ယောက်ကို မဲမှောင် ညစ်ပတ် နေတဲ့ အခန်း တစ်ခု ထဲမှာ ချုပ်နှောင် ပိတ်လှောင် ထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ကလေးတွေကို ကယ်တင် နိုင်လိုက်တဲ့ အချိန်မှာ ကလေး တွေက အစာ ဝဝလင်လင် မစားရလို့ ပိန်လှီ နေပြီး ခန္ဓာကိုယ် အရွယ် အစား က သာမန် ကလေး တွေ ထက်ကို သေးငယ် နေတာပါ။

ဒေးဗစ် အယ်လန် တာပင်း နဲ့ လူဝီး အန်း တာပင်း တို့ လင်မယား နှစ်ယောက် မှာ ကလေး ၁၃ ယောက် ရှိပြီး မိန်းခလေး ဆယ်ယောက် နဲ့ ယောက်ကျား လေး က ၃ ယောက် ဖြစ်ပါတယ်။

အကြီး ဆုံး က အသက် ၂၉ နှစ် အရွယ် ဖြစ်ပြီး အငယ် ဆုံး ကတော့ အသက် ၂ နှစ်ပဲ ရှိပါသေးတယ်။

လင်မယား နှစ်ယောက် က သူတို့ ရဲ့ သားသမီး တွေကို အလင်းရောင် မရှိဘဲ မဲမှောင် နေတဲ့ အခန်းထဲမှာ စုပြုံပြီး ထားပြီး အခန်း ကို ပိတ်ထား ခဲ့တာပါ။

ပြီးတော့ အဲဒီ့ ကလေး တွေကို သံကြိုးတွေ နဲ့ ချီနှောင် ထား၊ သော့ခတ်ထား ပြီး သူတို့ တွေရဲ့ အိပ်ယာ နဲ့ တွဲဘက်ပြီး ချုပ်နှောင် ထားတာ ဖြစ်တယ် လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

သူတို့ တွေကို ရှာဖွေ တွေ့ ရှိခဲ့ပုံ ကလည်း ၁၇ နှစ် အရွယ် သမီး တစ်ယောက် က ပြီးခဲ့တဲ့ တနင်္ဂနွေ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရဲ ကို မိဘတွေ မရှိတဲ့ အချိန်မှာ ခိုးပြီး တယ်လီ ဖုန်းဆက် အကြောင်းကြားလိုက်လို့ ရဲတွေက ကလေး ၁၃ ယောက်ကို ရှာဖွေ တွေ့ ရှိခဲ့တာပါ။

ဒီ ကလေး တွေကို ရဲက ရှာဖွေ ရာမှာ ကိုယ်တိုင် လိုက်ပါ သတင်း သွားယူ ခဲ့တဲ့ ကယ်လီဖိုးနီးယား အခြေစိုက် ကေတီအယ်လ်အေ -5 သတင်း ဌာန က သတင်းထောက် ဂျွန် ဖယ်နိုလီယို က ဖုန်း ဆက် တိုင်ကြားလို့ အဲဒီ့ အိမ်ကို သွားရှာ တော့ မိန်းခလေး တစ်ယောက် ကို တွေ့ပါတယ်။ အဲဒီ့ ကလေးက အမှန်က ၁၇ နှစ် နှစ် ရှိပါပြီ။ ဒါပေမယ့် ပိန်လှီ နေတော့ အသက် ၁၀ အရွယ် လောက်ပဲ ရှိတယ်လို့ ထင်ရပါတယ် လို့ ပြောကြား

အခုအခါမှာတော့ ကလေးတွေကို ဆေးရုံ ကို ခေါ်သွားပြီး ဆေးကုသမှု ပေးနေ ပါပြီ။ အဟာရချို့တဲ့ နေတဲ့ ကလေးတွေကို မြင်တွေ့ လိုက်ရတဲ့ ဆေးရုံ ဝန်ထမ်း တစ်ယောက် က ဆိုရင် မယုံကြည် နိုင်လောက် အောင် ကို သေးငယ် ပိန်လှီ နေတယ် လို့ ဆိုပါတယ်။
 ဖခင် ဖြစ်သူက လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ လုပ်ခဲ့ဖူး
ကလေး တွေကို ချုပ်နှောင် ခဲ့ကြတဲ့ မိဘ နှစ်ပါး ထဲ က ဖခင် ဖြစ်သူ မစ္စတာ ဒေးဗစ် တာပင် ဟာ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ပြီး ကာကွယ်ရေး ပစ္စည်း တွေ ထုတ်တဲ့ နော့သရုပ် ဂရန်မန် ကုမ္ပဏီမှာ အလုပ် လုပ်ခဲ့ဖူးသူပါ။

မိန်းမ ဖြစ်သူ ကတော့ မှီခို တစ်ယောက်သာ ဖြစ်ပါတယ်။ သူတို့ လင်မယား ဟာ လူမွဲစာရင်း ဒေဝါလီ နှစ်ကြိမ် ခံဖူးတယ်လို့ သိရပါတယ်။

ဖခင် တစ်ယောက်ထဲရဲ့ ဝင်ငွေ တစ်ခု ထဲနဲ့ ငွေမလုံလောက်မှု ကြောင့် များပြား လှတဲ့ သားသမီး တွေကို ချုပ်နှောင် ပိတ်လှောင် ထားပြီး အစာဝဝ လင်လင် မကျွေး ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

သူတို့ရဲ့ ကလေးတွေကို အစိုးရ စာသင်ကျောင်း ကို မပို့ပဲ အိမ်မှာပဲ စာသင်ပေးကြတယ်လို့လည်း အိမ်နီးခြင်း တစ်ယောက် က ဆိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ကလေး ကို မကျွေး နိုင်ရင်လည်း အစိုးရ ကို စောင့်ရှောက် ထား ခိုင်း လိုက်ဖို့ သင့်တာပေါ့ဆိုပြီး အိမ်နီးခြင်း တစ်ယောက် က ပြောပါတယ်။

ဒီလိုမျိုး ဖြစ်ပျက် တာကို မြင်ရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ကလေးတွေ ကို မကျွေး နိုင်ဘူး။ မစောင့်ရှောက် နိုင်ဘူးဆိုရင် စောင့်ရှောက် ပေး နိုင်တဲ့ တခြား နေရာတွေ အများကြီး ရှိပါတယ်လို့ ပြောဆို နေကြပါတယ်။

သူတို့ လင်မယား နှစ်ယောက် နဲ့ ကလေး တွေ နေထိုင် တဲ့ နေရာ က ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ် အိန်ဂျလိစ် မြို့နဲ့ ၅၉ မိုင် အကွာက ပဲရိစ် ရပ်ကွက် ဖြစ်ပြီး အေးချမ်း ဆိတ်ငြိမ် တဲ့ ရပ်ကွက် လေး တစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ့်သားသမီး တွေကို ကိုယ်တိုင် ချုပ်နှောင် ထားတဲ့ အဖြစ် အပျက်ကို ကြားသိ ခဲ့ရတဲ့ အိမ်နီးချင်း တွေကတော့ တုန်လှုပ် ခြောက်ခြား နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဝင်ငွေ မလောက်လို့ သားသမီး ၁၃ ယောက်ကို ချုပ်နှောင် ပိတ်လှောင်ထား ဝင်ငွေ မလောက်လို့ သားသမီး ၁၃ ယောက်ကို ချုပ်နှောင် ပိတ်လှောင်ထား Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.