မြောက်ဦးဟောပြောပွဲ စီစဉ်သူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမည်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပစဉ်/ Photo: Hay Man Oo
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဦးဝေဟင်အောင်တို့အပြင် မြောက်ဦးမြို့မှာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ် ဟောပြောပွဲလုပ်ဖို့ ဦးဆောင် စီစဉ်သူတွေ ကိုပါ ရခိုင်ပြည်နယ် အစိုးရက နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂ နဲ့ တရားစွဲဆိုသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

အဲဒီလို တရားစွဲဆိုဖို့အတွက် သမ္မတရုံးက ညွန်ကြားချက် ရရှိထားပြီးဖြစ်တယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

"စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူတဲ့ ဦးစံလှဘော်နဲ့ အပေါင်းပါကို ပုဒ်မ ၁၂၂ အရ တရားစွဲဆိုဖို့ နိုင်ငံတော်က အမိန့်အာဏာ အပ်နှင်းထားပါတယ်။ ဒါက မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တာပါ။ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ဦးဝေဟင်အောင် (စာရေးဆရာ)၊ ဒေါက်တာအေးမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) သူတို့ရဲ့ ဟောကြားပြောဆိုချက်တွေနဲ့ စပ်လျဉ်း ပြီးတော့ သူတို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတရုံးက အခွင့်အာဏာ အပ်နှင်းထားပါတယ်"

မြောက်ဦးမြို့မှာ ဟောပြောပွဲ စီစဉ်ခဲ့တဲ့ ဦးစံလှဘော်နဲ့ အပေါင်းပါတွေကို မြောက်ဦးမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံးကို အကြမ်းဖက်ခဲ့တဲ့အတွက် တရားစွဲဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ ဦးဝေဟင်အောင်တို့ကိုတော့ မြောက်ဦးမြို့ပဋိပက္ခနဲ့ မသက်ဆိုင်ပဲ ရသေ့တောင်မြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲက ဟောပြောချက်တွေကြောင့် တရားစွဲဆိုတာဖြစ်ပြီး သူတို့ ၂ ဦးကို ရသေ့တောင် မြို့နယ် ရဲစခန်းမှာ ပုဒ်မ ၅၀၅ (ခ) နဲ့လည်း အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ မှာ ပုဒ်မခွဲ ၂ ခုပါဝင်ပြီး ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်ရင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ညက ဒေသခံတွေက ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ကြရမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး သေနတ်ကျည် ဒဏ်ရာရခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြောက်ဦးဟောပြောပွဲ စီစဉ်သူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမည် မြောက်ဦးဟောပြောပွဲ စီစဉ်သူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမည် Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.