မူဆယ်မြို့နယ်၊ မော်တောင်ကျေးရွာအနီးတွင် မူဆယ်သူ ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မော်တောင်ကျေးရွာအနီးတွင် မူဆယ်သူ ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးအား အမည်မသိလက်နက်ကိုင်လူတစ်စုမှ ဇန်နဝါရီ ၂ ရက်၊ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

မူဆယ်မှ လားရှိုးမြို့သို့ ယာဉ်မောင်း ဦးငွေဖုန်းမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးမြတ်မင်းနှင့် ဦးအောင်မျိုးတို့ (၃)ဦး လိုက်ပါလာသည့် ခရီးသည်(၂၈)ဦးတင်ဆောင်လာသော ယာဉ်ကို လက်နက်ကိုင်ထားသော လူတစ်စုမှ တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“မူဆယ်သူ မှန်လုံ Express ကားက ညနေ (၅)နာရီခွဲလောက်မှာ မူဆယ်ကနေထွက်သွားတယ်။ မူဆယ်နဲ့ (၁၀)မိုင်လောက်ဝေးတဲ့ မောတောင်ရွာနားရောက်တော့ ပါဂျဲရိုးအစိမ်းကားပေါ်ကနေ လက်နက်တွေ ကိုင်ထားတဲ့ လူတွေဆင်းလာပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ခေါ်သွားတာလို့ သိရပါတယ်။” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အဆိုပါ ခရီးသည်တင်ယာဉ်ကို နမ်ပပေါ့ တံတားအထိ ခရီးသည်တစ်ဦးက မောင်းနှင်လာခဲ့ကာ တံတားလုံခြုံရေး များအား ဖြစ်စဉ်ရှင်းပြ၍ အကူညီတောင်းခံခဲ့ရကြောင်း သိရသည်။
“ကားကို နမ့်ပေါ့တံတားအထိ ခရီးသည်ကမောင်းသွားတယ်။ တံတားမှာ တာဝန်ကျသူတွေကို အကျိုး အကြောင်းပြောပြပြီး ကားထားပြီးတာ့ ခရီးဆက်သွားကြတယ်လို့ သိရပါတယ်။ ခရီးသည်တွေကိုတော့ ဘာမှမလုပ်သွားပါဘူး။”ဟု မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် ပြီးခဲ့သည် ၂၀၁၇ ခုနှစ်ကလည်း ခရီးသည်တင်မှန် လုံယာဉ်တစ်စီးအား မီးရှိုးခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မူဆယ်မြို့နယ်၊ မော်တောင်ကျေးရွာအနီးတွင် မူဆယ်သူ ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင် မူဆယ်မြို့နယ်၊ မော်တောင်ကျေးရွာအနီးတွင် မူဆယ်သူ ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.