မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး


ဘားအံ ဇန်န၀ါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာတွင် ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ဦးစောချစ်ချုံဆိုသူ၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးသည့် ရဲတပ်ဖွဲ့ ၀င်များနှင့်ပူးပေါင်းအဖွဲ့အား လက်နက်ဖြင့်ပြန်လည်ပစ်ခတ်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့မှ လေးဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဘားအံခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သက်စိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကရင်မူ/ကူမှ ဒုရဲအုပ်အောင်ကျော်သူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၂၀၃)မှ ဗိုလ်ကြီး အောင်သူရ၀င်းနှင့်တပ်စိပ်တစ်စိပ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ်(၄)မှ ကွပ်ကဲအကြံပေးအဖွဲ့ဝင် ဦးချစ်ဝင်းနှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နောင်ကမြိုင်ကျေးရွာနေ ဦးစောချစ်ချုံဆိုသူ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ သွားရောက်ရှာဖွေစဉ် နေအိမ်အတွင်းမှ ၄င်းတို့ကိုင်ဆောင်သော M-16 သေနတ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဦးစောချစ်ချုံ(၅၈)နှစ်(ဘ)ဦးဖားထက်အား ညာခြေကျင်းဝတ် ကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စောလွှီညွှန့်(ခ)နဂါး(ခ)လက်ညိုး(၄၃)နှစ်(ဘ)ဦးတင်ရွှေအား ၀ဲဘက်ခြေသလုံးကျဉ် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ဘယ်ခြေဖမိုးကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စိုးမင်းအောင်(၂၇)နှစ်(ဘ)ဦးအောင်ဝင်းအား ဘယ်ပေါင်ကျဉ်ဖောက်ဝင်ဒဏ်ရာနှစ်ချက်တို့နှင့်အတူ စုစုပေါင်းတရားခံ ကျား(၇)ဦး၊ မ(၃)ဦးတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိကာ M-16 ၄ လက် ၄င်းကျဉ်အိမ်တို ၉ ခု၊ ကျဉ်အိမ်ရှည် ၁၅ ခု၊ ၅.၅၆ ကျဉ် ၂၉၂ တောင့်၊ 40 MM ဗုံးပစ်လောင်ချာတစ်လက်၊ ၄င်းဗုံးသီး ၂၄ လုံး၊ ပွိုင်း 22 ပြောင်းရှည်တစ်လက်၊ ၄င်းကျဉ်အိမ် တစ်ခု၊ ကျဉ်ငါးတောင့်၊ ပွိုင့် 30 ကာဘိုင်ကျဉ် ၁၂၇ တောင့် ၊ ကာဘိုင်ကျဉ်အိမ်တို ၄ ခု၊ ကျဉ်အိမ်ရှည် ၃ ခု တို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲအုပ်သက်စိုးဦး ယာပေါင် တစ်ချက်ထိ(မစိုးရိမ်ရ)၊ ဒုရဲအုပ် ပုလဲမြ ညာခြေကျင်းဝတ်ပွန်းပဲ့ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ဦးချစ်ဝင်း ယာရင်အုံ နှစ်ချက်ထိ(စိုးရိမ်ရ)၊ သတင်းပေး ရန်ကုန်သား ဘယ်ပေါင် တစ်ချက်ထိ (မစိုးရိမ်ရ)တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရဲအုပ်သက်စိုးဦးပါ(၄)ဦး၊ တရားခံ စောလွှီညွှန့်(ခ) နဂါး (ခ)လက်ညိုးပါ (၃)ဦးတို့အား ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျှက်ရှိပြီး ဆရာဝန်ကြီး၏ ညွှန်ကြားချက်အရ ဦးချစ်ဝင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီသို့ ဆက်လက်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေကာ ဖမ်းဆီးရမိသောတရားခံများအား အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Iprd Kayin
မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.