နေစရာ အိမ်မရှိသည့် ဆန်သပိတ်တိုက်ပွဲဝင်ခဲ့ သူ အသက် (၈၂) နှစ် အရွယ်၊ ရေနံမြေ အလုပ်သမားဟောင်းကြီးဘလှခေါင် အတွက် မကွေးတိုင်းဝန်ကြီးချုပ်က ကျပ် နှစ်သိန်းကူညီ

PHOTO – AHN ( ဘလှခေါင်အား မြင်တွေ့ရစဉ်)
ချောက်၊ ဇန်န၀ါရီ ၁၅။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ အမှတ်(၁) နယ်မြေ ၊ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သော်လည်း နေစရာအိမ်မရှိသည့် ဆန်သပိတ်တိုက်ပွဲ ဦးဆောင်ခဲ့သူ ရေနံမြေအလုပ်သမားဟောင်းကြီး ဘလှခေါင် အသက် (၈၂) နှစ်အတွက် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ငွေကျပ် နှစ်သိန်း ကူညီလှူဒါန်းခဲ့ ကြောင်း၊ ချောက်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမောင်မောင်ကျော်က ယနေ့ (ဇန်န၀ါရီ ၁၅ ရက်နေ့)တွင် AHN သို့ပြောသည်။

''၁၉၇၄ ခုနှစ်က မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းက ရေနံမြေအလုပ်သမားတွေအတွက် ဆန်ရရှိရေး၊ တိုက်ပွဲဝင်ခဲ့တဲ့ ရေနံအလုပ်သမား ဘလှခေါင် မှာ နေစရာအိမ်မရှိဘူး ဖြစ်နေတယ်။ သမက်လုပ်တဲ့ သူကလည်း သူဆောက်ထားတဲ့ အိမ်ဆိုတော့ အိမ်ဖျက်ယူသွားတယ် ။ ခုတော့ ဘလှခေါင်က နေစရာ အိမ် မရှိတော့ဘူး လို့ ချောက်မြို့က ဒေါက်တာမောင်မောင်ကျော် (NLD ဥက္ကဌ) က ပြောကြားတော့ စိတ်မကောင်းဖြစ်မိပါတယ် ။အဲဒါကြောင့် လူမှုကူညီမှု အနေနဲ့ CB ဘဏ်ကနေ ဒီနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းက ဘလှခေါင် အတွက် ငွေ နှစ်သိန်းကျပ်ကို ဒေါက်တာမောင်မောင်ကျော်ထံ ပေးပို့ခဲ့ပါတယ် ။ သူကနေတစ်ဆင့် ဘလှခေါင်ကို ပေးအပ်မှာပါ'' ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။

ရေနံလုပ်သားများ ဆန်ခက်ခဲနေ၍ ၁၉၇၄ ခုနှစ်တွင်ဆန်ရရှိရေး တိုက်ပွဲဝင်ခဲ့ကြောင်း ဘလှခေါင်ကပြောသည်။

“၁၉၆၄ - ၆၅ ခုနှစ်တွေက စပြီး ရေနံမြေအလုပ်သမားတွေ မှာဆန်မရှိတော့ဘူး ။ တစ်ခါတလေ အစိုးရက ခေါက်ဆွဲခြောက်လေးတွေပေးတယ် ။ အလုပ်သမားတွေနဲ့ သူတို့ရဲ မိသားစုတွေ ထမင်းရည်တောင်မသောက်ရတော့ဘူး။ ၁၉၇၄ ခုနှစ် ထဲမှာ ဆန်ရရှိရေးအတွက် ကျွန်တော်အပါဝင် ၁၂ ယောက် ခေါင်းဆောင်ပြီး တိုက်ပွဲဝင်ခဲ့တယ် ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တုန်းက။ ဒီလိုဆန်သပိတ်တိုက်ပွဲဝင်တော့ နောက်ပိုင်းမှာ ရေနံမြေ အလုပ်သမားတွေအတွက် ဆန် (၆)ပြည်နဲ့ မိသားစုအတွက် ဆန် (၄) ပြည် ရခဲ့ပါတယ်။ ဒီလိုရပြီး သိပ်ရက်မကြာပါဘူး ကျွန်တော် အပါဝင် ၁၂ ဦးကို ဖမ်းဆီးပြီး ညောင်ဦးထောင် အချုပ်မှာ ထားခဲ့ပါတယ် ။။နှစ်နှစ်ခွဲကျော် ထောင်ထဲမှာနေခဲ့ရတယ်။ ညောင်ဦး ထောင်ကနေ စလေမှာ လာရောက် တရားရင်ဆိုင်ခဲ့ရတယ်။ ထောင်ထဲရောက်တော့လည်း ထမင်းကမကောင်း ဘူး၊ ထမင်းမကျွေးတဲ့ရက်တွေလည်း ရှိလာတော့ ထမင်းတိုက်ပွဲဝင်ခဲ့ရတယ် ။နောက်တော့ ကျွန်တော်တို့က မှန်တော့ ပြန်လွတ်လာပါတယ်။ ဒါပေမယ့် ချောက်ရေနံမြေ အလုပ်ကနေ မင်းဘူးရေနံမြေကို နယ်ပြောင်းခံရပြီး အလုပ်ထုတ်ခံရတယ်။

ကျွန်တော့်မှာ မိသားစု ရှစ်ယောက်ရှိခဲ့တယ်။ဇနီးကလည်းဆုံးပါပြီ။သားသမီး အကြီး ငါးယောက်ကလည်း ဆုံးသွားပါပြီ။သမီးအငယ်ဆုံးမိသားစုကလည်း လက်လုပ်လက်စားဆိုတော့ စားဝတ်နေရေးအခက် အခဲဖြစ်နေခဲ့ပါတယ်။ သမီးနဲ့ကပ်နေခဲ့ပေမယ့် သမီးကသေတော့ သမက်ကလည်း သူဆောက်ထားတာဆိုတော့ အိမ်လေးကို ဖျက်ယူသွားတယ်လေ ။အရင်ကတော့ သူငယ်ချင်းအကူအညီနဲ့ စာအုပ်လေးတွေ ၊ ဂျာနယ်လေးတွေကို လက်မှာ ပွေ့ပြီး ဈေးထဲမှာ လမ်းလျှောက်ရောင်းခဲ့တာပေါ့ ။အလုပ်တွေလိုက်တောင်းတော့လည်း ကျွန်တော့်ကို အလုပ်ပေးရင် သူတို့ကိုပါ ထိမှာ စိုးလို့ ဆိုပြီး အလုပ်မရခဲ့ပါဘူး။ အသက်လေးရလာတော့ အကျောပြင်တဲ့ အလုပ်ကို ရပ်ကွက်တွေမှာလိုက်ပြီး လုပ်ခဲ့ရပါတယ်။ ခုတော့ အသက်ကလည်း (၈၂) နှစ်ပြည့်ကျော်ပြီဆိုတော့ အလုပ်လဲမလုပ်နိုင်တော့ဘူးပေါ့ “ဟု ဘလှခေါင်က ပြောသည်။

ဘလှခေါင်အတွက်နေအိမ်တစ်လုံးတည်ဆောက်နိုင်ရန် ချောက်မြို့ မှ ပြည်သူများက ၀ိုင်းဝန်းကူညီပေးနေကြောင်း ချောက်မြို့ခံ ကိုခန့်ငြိမ်းကျော်ကပြောသည်။

“ဘလှခေါင်အတွက် နေအိမ်ငယ်လေးဖြစ်မြောက်ဖို့အတွက် ချောက်မြို့ပေါ်က ဒေသခံပြည်သူအချို့ နဲ့ NLD ပါတီဝင်တွေက သူတို့တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ ခုဆိုရင် အမိုးသွပ်လေးတွေနဲ့ တိုင်လေးတွေတော့ ဝယ်ထားပြီးပါပြီ။ ဆောက်လုပ်ဖို့အတွက် အိမ်ဆောက်လုပ်ခ နဲ့ အကာတွေအတွက် အကူအညီ လိုအပ်နေသေးတယ် ။ ဘလှခေါင်း စားသောက်နေထိုင်ဖို့ အတွက်လည်း ထောက်ပံ့မှုတွေ လိုအပ်နေသေးတာပေါ့ “ ဟု ၄င်းကပြောသည်။

နှင်းအိချို
The Asia Heart News
https://www.facebook.com/The-Asia-Heart-News

နေစရာ အိမ်မရှိသည့် ဆန်သပိတ်တိုက်ပွဲဝင်ခဲ့ သူ အသက် (၈၂) နှစ် အရွယ်၊ ရေနံမြေ အလုပ်သမားဟောင်းကြီးဘလှခေါင် အတွက် မကွေးတိုင်းဝန်ကြီးချုပ်က ကျပ် နှစ်သိန်းကူညီ နေစရာ အိမ်မရှိသည့် ဆန်သပိတ်တိုက်ပွဲဝင်ခဲ့ သူ အသက် (၈၂) နှစ် အရွယ်၊ ရေနံမြေ အလုပ်သမားဟောင်းကြီးဘလှခေါင် အတွက် မကွေးတိုင်းဝန်ကြီးချုပ်က ကျပ် နှစ်သိန်းကူညီ Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.