ထိုင်းနိုင်ငံရှိ အနှိပ်ခန်းတစ်ခုတွင် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှု ထိုင်းရဲတပ်ဖွဲ့စစ်ဆေး ပြီးမှသာ မြန်မာသံရုံးအကူညီပေးနိုင်မည်


ရန်ကုန်၊ ဇန်န၀ါရီ ၁၈။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အနှိပ်ခန်းတစ်ခုတွင် ပြည့်တန်ဆာအဖြစ် အခိုင်းခံရသည့် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှုနှင့်ပက်သက်၍ ထိုင်းနိုင်ငံမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ယင်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဖမ်းဆီးခံရသည့် မြန်မာအမျိုးသမီး များနှင့်ပက်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံရုံးမှ ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၂ ရက်ညပိုင်းက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI နှင့် ဒေသခံများက ဘန်ကောက်ရှိ Victoria Secret Massage အမည်ရှိ အနှိပ်ခန်းတစ်ခုသို့ ၀င်ရောက် စီးနှင်းခဲ့ရာ ပြည်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာအမျိုးသမီးများအပါအ၀င် အယောက်၁၀၀ အဖမ်းခံခဲ့ရကြောင်း သိရသည်။

''ဒီအမှု နဲ့ ပက်သက်ပြီးတော့ ထိုင်းအစိုးရဘက်ကနေ မြန်မာသံရုံးကို အကြောင်းကြားတာ မရှိသေးဘူး၊သက်ဆိုင်ရာရဲစခန်းတွေ ကိုတော့ စုံစမ်းထားတယ်၊လက်ရှိ အခြေအနေကတော့ ထိုင်းဘက်ကပဲ စစ်ဆေးနေတုန်းရှိသေးတယ်၊သူတို့စစ်ဆေးပြီးတော့ မှ မြန်မာအလုပ်သမားတွေကို ဘယ်လိုကူညီ လုပ်ဆောင်ပေးရမယ် ဆိုတာ ကို သံရုံးဘက်က လုပ်ပေးမယ်''ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးနိုင်မင်းသူက ပြောသည်။

အဖမ်းဆီးခံရသည့် မြန်မာအမျိုးသမီးများ တွင် သက်မပြည့် သူများလည်း ပါဝင်ကြောင်းနှင့် အများစုမှာ လူကုန်ကူးခံရသူများမဟုတ်ဘဲ အထောက်အထားမပြည့်စုံဘဲ အလုပ်လာရောက်လုပ်နေသူ များကြောင်း သိရသည်။

"အများစုကတော့ လူကုန်ကူးမှု နဲ့ မဆိုင်ဘဲ စာရွက်စာတမ်းမပြည့်စုံတဲ့သူများတယ်လို့ သိရတယ်၊အသက် ၁၈ နှစ်အောက် မိန်းကလေးက ငါးယောက်လောက်တွေ့တယ်၊စာရွက်စာတမ်း မပြည့်စုံတော့ အချို့သူတွေရဲ့ အသက်အတိအကျမသိတာ တွေလည်း ရှိတယ် လို့ သတင်းရတယ်''ဟု ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN)ဥက္ကဌဦးစိန်ဌေးက ပြောသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ထိုင်းနိုင်ငံရှိ အနှိပ်ခန်းတစ်ခုတွင် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှု ထိုင်းရဲတပ်ဖွဲ့စစ်ဆေး ပြီးမှသာ မြန်မာသံရုံးအကူညီပေးနိုင်မည် ထိုင်းနိုင်ငံရှိ အနှိပ်ခန်းတစ်ခုတွင် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှု ထိုင်းရဲတပ်ဖွဲ့စစ်ဆေး ပြီးမှသာ မြန်မာသံရုံးအကူညီပေးနိုင်မည် Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.