ကိုလံဘီယာနိုင်ငံစစ်တပ်ရဟတ်ယာဉ်ပျက်ကျမှုတွင် ၇ ဦးသေ ၊ ၃ ဦးပျောက်ဆုံး

ကိုလံဘီယာနိုင်ငံ စစ်တပ်ရဟတ်ယာဉ် ပျက်ကျမှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)
ဘိုဂိုတာ ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

    ကိုလံဘီယာနိုင်ငံ စစ်တပ် ရဟတ်ယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၁၆ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်း Antioquia ပြည်နယ်၌ ပျက်ကျသွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားကြောင်း စစ်တပ်သတင်းအရင်းမြစ် အရ သိရသည်။

ကိုလံဘီယာနိုင်ငံ စစ်တပ်၏ ထုတ်ပြန်ချက်တွင် Mi-17 ရဟတ်ယာဉ်ပေါ်တွင် လူ ၁ဝ ဦးလိုက်ပါသွားကြောင်း ၊ ကော့ကေစီယာမြို့ (Caucasia)အနီးပတ်ဝန်းကျင်၌ ဇန်နဝါရီ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပျောက်ဆုံးနေဆဲဖြစ်သော အခြား လူ ၃ ဦးကို ဆက်လက်ရှာဖွေ လျက်ရှိသည်။အဆိုပါရဟတ်ယာဉ်သည် ရဟတ်ယာဉ်မှူးများ နှင့် ရဟတ်ယာဉ်ဝန်ထမ်း ၄ ဦး နှင့် ခရီးသည် ၆ ဦးကို တင်ဆောင်သွားကြောင်း စစ်တပ်က ဆိုသည်။

အဆိုပါအဖွဲ့ သည် ၄င်းဒေသအတွင်း လေတပ်လောင်စာဆီထောက်ပံ့မှု ထိန်းသိမ်းရေး လုပ်ဆောင်ရန် နှင့် ၄င်းဒေသတွင် ထောက်ပံ့ရေးနေရာများကို ကြည့်ရှု့ စစ်ဆေးရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ် (၄) တပ်မမှူး ဗိုလ်ချုပ်ကြီး ဂျူအန်ကားလိုစ့်ရာမီရာဇ်ထရူဂျီလို (General Juan Carlos Ramirez Trujillo) က သတင်းသမားများအားပြောကြားရာတွင် အခင်းဖြစ်နေရာ၌ ရာသီဥတုအခြေအနေမှာ သဲသဲကွဲကွဲ မရှိကြောင်း ၊ သို့ သော် ပျောက်ဆုံးနေသူ ၃ ဦးစလုံးကို ရှာဖွေ တွေ့ ရှိသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ သမ္မတ ဂျူအန်မန်နျူရယ်ဆန်းတိုစ့် က ၄င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် “Antioquia ပြည်နယ် ဆီဂိုဗီယာမှာ စစ်တပ်ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားတဲ့ ရဟတ်ယာဉ်မှူးတွေ နဲ့ ခရီးသည်တွေအတွက် ဘယ်လောက်နာကျင်ရလဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ အတူ ကြေကွဲရပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

( Xinhua)
http://xinhuamyanmar.com
ကိုလံဘီယာနိုင်ငံစစ်တပ်ရဟတ်ယာဉ်ပျက်ကျမှုတွင် ၇ ဦးသေ ၊ ၃ ဦးပျောက်ဆုံး ကိုလံဘီယာနိုင်ငံစစ်တပ်ရဟတ်ယာဉ်ပျက်ကျမှုတွင် ၇ ဦးသေ ၊ ၃ ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.