ရွှေမောင်းတောင်ပေါ်က ကျူးကျော်တွေကို ဖယ်ရှားမည်

ရှမ်းပြည်နယ် တောင်ကြီးမြို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေမောင်းတောင်ပေါ်က ကျူးကျော်နေထိုင်သူတွေကို စည်ပင်သာယာရေး ဥပဒေ အတိုင်းဖယ်ရှားသွားမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုး က ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလက မြေပြင်မှာ စာရင်းကောက်ယူထားပြီး စည်ပင်ဌာနက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ ဦးမင်းစိုး က ပြောပါတယ်။

"ဒီဇင်ဘာထဲကပဲ မြေပြင်နေရာတွေကိုသွားကြည့်ပြီးပြီ မြေစာရင်းကို ပုံထုတ်ခိုင်းထားတယ်၊ မြေပြင်မှာ ကျူးနေရာ ဘယ်လောက်လောက်ရှိနေပြီလဲ အဲ့ဒါကို စာရင်းကောက်ပြီးတော့ စည်ပင်က သူ့ဥပဒေနဲ့ သူ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ စည်ပင်ဥပဒေနဲ့ဆိုတာ သူက နို့တစ်ထုတ်မှာလား ဖယ်ရှားမှာလား တရားစွဲမှာလား နောက်ဆုံးတရားစွဲလို့မရရင် ဖယ်ရှားမှာလား သူ့ဥပဒေမှာ ပါပြီးသား သူ့ဥပဒေနဲ့ သူလုပ်မှာ"

အဲဒီမြေနေရာဟာ သစ်တောဦးစီးဌာနက စွန့်လွှတ်ထားတဲ့ အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့မြေဖြစ်ပြီး မြေဧက ၅၃၀ ရှိတာဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျူးကျော်နေထိုင်တဲ့ အဆောက်အဦး ၁၀၀ ၀န်းကျင် ရှိပြီး မြေကွက်ဖော် ထားတဲ့ ဧက ၄၂၀ ကျော် ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ကျူးကျော်နေထိုင်နေကြသူတွေနဲ့ မြေကွက်ဖော်ထားသူတွေကို အုပ်ချုပ်ရေးပိုင်းက အသိပေး အကြောင်း ကြားထားပြီး အဆောက်အဦးတွေ ဖယ်ရှားနိုင်ဖို့ ကို စည်ပင်ဌာနက ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွှေမောင်းတောင်ပေါ်က ကျူးကျော်တွေကို ဖယ်ရှားမည် ရွှေမောင်းတောင်ပေါ်က ကျူးကျော်တွေကို ဖယ်ရှားမည် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.