တူရကီ က ဆီးရီးယားနယ်စပ်သို့ တင့်ကားများ ဖြန့်ကျက်စေလွှတ်

ဆီးရီးယားနယ်စပ်သို့ စေလွှတ်မည့် တူရကီဘက်မှ တင့်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)
အန်ကာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အတွင်း စစ်ရေးအရ ဝင်ရောက်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီစစ်တပ်က ၎င်း၏ တောင်ပိုင်းနယ်စပ် ဟာတေးပြည်နယ် သို့ ဇန်နဝါရီ ၁၈ရက်က တင့်ကား ၉စီးစေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကပြောကြားခဲ့သည်။

တူရကီစစ်တပ်သည် ဆီးရီးယားကာ့ဒ်ပြည်သူ့စစ်များရှိသည့် အက်ဖရင်းမြို့ဖက်အား ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် နယ်စပ်ရှိ တပ်ဖွဲ့များအား အမြင့်ဆုံးအဆင့် တပ်လှန့်ထားကြောင်းသိရသည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ဇန်နဝါရီ ၁၈ရက်က ကာ့ဒ်ပြည်သူ့စစ်များ ၏ တိုက်ခိုက်မှုကို တူရကီလက်နက်ကိုင်တပ်ဖွဲ့များက လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆီးရီးယားနယ်စပ်သို့ စေလွှတ်မည့် တူရကီဘက်မှ တင့်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)
အမျိုးသားလုံခြုံရေးကောင်စီ က ဇန်နဝါရီ ၁၇ ရက် တွင် အစည်းအဝေးခေါ်ယူခဲ့ပြီး ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) အဖွဲ့အား လိုအပ်သော အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခု ၌ပါရှိသည်။

YPG အဖွဲ့သည် မတရားအသင်းတစ်ခုဖြစ်သော ကာ့ဒ်အလုပ်သမားများပါတီ (PKK) နှင့် ချိတ်ဆက်မှုများရှိနေ၍ ၎င်းအား အကြမ်းဖက်အုပ်စုအဖြစ် တူရကီနိုင်ငံက သတ်မှတ်ထားကြောင်း သိရသည်။

အက်ဖရင်းမြို့သို့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ရန် တူရကီနိုင်ငံက ယခင်ကတည်းက သတိပေးမှုများပြုလုပ်ခဲ့သော်လည်း အမေရိကန်နိုင်ငံက YPG ပြည်သူ့စစ်များ ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) အားထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ပြောကြားနောက်တွင်မူ တူရကီနိုင်ငံသည် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုအဖြစ် အမြင့်ဆုံးဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀,၀၀၀ ပါဝင်သည့် အင်အားကောင်းသော နယ်စပ်တပ်ဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
တူရကီ က ဆီးရီးယားနယ်စပ်သို့ တင့်ကားများ ဖြန့်ကျက်စေလွှတ် တူရကီ က ဆီးရီးယားနယ်စပ်သို့ တင့်ကားများ ဖြန့်ကျက်စေလွှတ် Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.